Connect with us

North America

ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှုအတွင်း အနည်းဆုံး လူ ၁၉ ဦးသေဆုံး ၊ မြေဟက်တာ ၃ ဒသမ၂ သန်း ပျက်စီး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ တောမီးလောင်ကျွမ်းမှုအတွင်း ပျက်စီးသွားသော ကားတစ်စီးအား ဩဂုတ် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အနှံ့အပြား၌ စက်တင်ဘာ ၁၃ ရက်အထိ ဆက်လက်လောင်ကျွမ်းလျက်ရှိသော တောမီးကြောင့် ပြီးခဲ့သော တစ်လအတွင်း အနည်းဆုံး လူပေါင်း ၁၉ ဦးသေဆုံးပြီး မြေဟက်တာ ၃ ဒသမ ၂ သန်း ( ၁၂,၉၅၀ စတုရန်းကီလိုမီတာကျော်) မီးလောင်ကျွမ်းခဲ့ကြောင်း နှင့် ပြည်နယ်အတွင်း အဆောက်အဦအလုံးပေါင်း ၄,၀၀၀ ကျော် မီးဒဏ်သင့်ခဲ့ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် သစ်တော နှင့် မီးကြိုတင်ကာကွယ်ရေး (Cal Fire) ဌာန၏ ပြောကြားချက်အရ သိရသည်။

Cal မီးသတ်တပ်ဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး Daniel Berlant က ကယ်လီဖိုးနီးယားအတွင်း မြေဟက်တာ ၃ ဒသမ ၂ သန်းကျော် မီးလောင်ကျွမ်းခဲ့ကြောင်း ၊ ယင်းမှာ ကွန်နက်တီကတ်ပြည်နယ်၏ အကျယ်အဝန်းထက် ပိုမိုကြီးမားကြောင်း ဆိုသည်။ 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ တောမီးများလောင်ကျွမ်းနေပုံကို စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ တောမီးများလောင်ကျွမ်းနေပုံကို စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ တောမီးများလောင်ကျွမ်းနေပုံကို စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ မီးလောင်ကျွမ်းမှုကို စက်တင်ဘာ ၁၃ ရက်တွင် ပြည်နယ်အတွင်းရှိ အဓိက မီးသတ်စခန်းပေါင်း ၂၉ ခုမှ မီးသတ်သမားပေါင်း ၁၆,၅၇၀ ကျော်ဖြင့် ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။ ပြည်ထောင်စု ၊ ပြည်နယ် နှင့် ဒေသတွင်း ရှိ မီးသတ်ကား ၂,၂၀၀ စီး ၊ ရေသယ်ကား ၃၈၈ စီး ၊ မြေထိုးစက် ၃၀၄ စီး နှင့် လေယာဉ် ၁၀၄ စင်း အပါအဝင် မီးသတ်အရင်းအမြစ်များစွာကို အသုံးပြု၍ မီးလောင်ကျွမ်းမှုကို ကြိုးပမ်းငြှိမ်းသတ်လျက်ရှိကြောင်း Cal မီးသတ်တပ်ဖွဲ့ကဆိုသည်။

ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ Mendocino မြို့ နှင့် Humboldt မြို့များတွင် ပြည်နယ်သမိုင်းတစ်လျှောက် အကြီးမားဆုံး မီးလောင်ကျွမ်းမှုဖြစ်ပေါ်နေပြီး မြေဧက ၂,၀၀၀ ကျော် ညလုံးပေါက်လောင်ကျွမ်းခဲ့ကြောင်း နှင့် ၂၈ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့ကြောင်း Cal မီးသတ်တပ်ဖွဲ့မှ အရာရှိများက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ တောင်စောင်းတစ်လျှောက် လောင်ကျွမ်းနေသော တောမီးကြောင့် အဆောက်အဦအလုံးပေါင်း ၃၆၅ လုံး မီးဒဏ်သင့်ခဲ့ကြောင်း နှင့် ၃၂ လုံးပျက်စီးသွားကြောင်း ၊ အခြားအဆောက်အဦ ၁၄,၀၇၄ လုံးမှာ မီးလောင်ကျွမ်းမှုအန္တရာယ်ခြိမ်းခြောက်ခံနေရကြောင်း မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် တောမီးကြောင့် မြေဧရိယာ ၂၀၁,၉၀၈  ဧက အပေါ်သက်ရောက်မှုရှိခဲ့ကြောင်း နှင့် ၈ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။

Fresno မြို့ နှင့် Madera မြို့များတွင်လည်း တောင်စောင်းတစ်လျှောက် တောမီးများ လောင်ကျွမ်းလျက်ရှိသည်ဟု မီးသတ်အရာရှိများက ပြောကြားခဲ့ပြီး  ယင်းမီးညွန့်များသည် စက်တင်ဘာ ၁၃ ရက်က လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်နှုန်းဖြင့် Sierra အမျိုးသားသစ်တော၏ အလွန်နက်ရှိုင်းသော လျှိုကြီးအတွင်းဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း သိရသည်။ 

မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အဆောက်အဦများ မီးလောင်ကျွမ်းမခံရအောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ဆန်ဖရန်စစ္စကိုခရော်နီကယ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ဆန်ဖရန်စစ္စကိုမြို့ ကမ်းခြေတစ်လျှောက်ရှိ လေထုအရည်အသွေးသည် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းအထိ သန့်ရှင်းကောင်းမွန်ခြင်း မရှိသေးကြောင်း သိရသည်။  (Xinhua)