Connect with us

North America

နယူးယောက်မြို့၌ ရှေးဟောင်းတရုတ်စစ်သည်တော်(တာရာကိုတာ) မာရသွန်ပြေးပြိုင်ပွဲကျင်းပ


နယူးယောက် ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ် ပေါ်ကြွယ်မှုကို ဖော်ကျူးသည့်အနေဖြင့် နိုဝင်ဘာ ၃ ရက်က နယူးယောက်မြို့၌ ရှေးဟောင်းတရုတ်စစ်သည်တော်(တာရာကိုတာ) ပုံစံ အဝတ်အစားများ ဝတ်ဆင်ထားသည့် အပြေးသမား ၁ဝဝ ကျော်သည် မာရသွန်ပြေးပွဲငယ်တစ်ခုကို ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

အေးမြသောရာသီဥတု နှင့် လေပြင်းတိုက်ခတ်နေမှုကို အံတု၍ အပြေးသမားများအားလုံးသည် မန်ဟက်တန်မြို့လယ်ရှိ Hudson မြစ်ကမ်းဘေးတစ်လျှောက် ခရီးအကွာအဝေး သုံးကီလိုမီတာကို အောင်မြင်စွာ ပန်းဝင်ခဲ့ကြကြောင်း နှင့် ဒေသခံ အပြေးသမား Ted Brakob က ထိပ်ဆုံးနေရာမှ ပန်းဝင်ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းတရုတ်စစ်သည်တော်(တာရာကိုတာ) အရုပ်ပုံများ ဝတ်ဆင်၍ အပြေးပြိုင်ပွဲ ဝင်ရောက်နေကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် အဆိုပါအပြေးပြိုင်ပွဲကို တရုတ်-အမေရိကန် ယဉ်ကျေးမှု နှင့် အနုပညာဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပခဲ့ခြင်းနှင့်အတူ တရုတ်-အမေရိကန်ချစ်ကြည်ရေးအသင်းမှ အားပေးထောက်ခံခဲ့ကြောင်း သိရသည်။နိုဝင်ဘာ ၄ ရက်တွင် ကျင်းပမည့် ကမ္ဘာ့ရှေ့ဆောင်မာရသွန်ပြေးပွဲများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ၁၉၇ဝ ပြည့်နှစ်ကတည်းက စတင်ကျင်းပခဲ့သော နှစ်ပတ်လည် နယူးယောက်မာရသွန်ပြေးပွဲကြီး မတိုင်မီ တစ်ရက်အလိုတွင် တာရာကိုတာမာရသွန်ပြေးပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၇ ခုနှစ်ကကျင်းပခဲ့သော နယူးယောက်မာရသွန်ပြေးပွဲတွင် ကမ္ဘာတစ်ဝန်းမှ ပြိုင်ပွဲဝင် ခန့်မှန်းခြေ စုစုပေါင်း ၅ သောင်းကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းတရုတ်စစ်သည်တော်(တာရာကိုတာ) အရုပ်ပုံများ ဝတ်ဆင်၍ အပြေးပြိုင်ပွဲ ဝင်ရောက်နေကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ရှေးဟောင်းတရုတ်စစ်သည်တော်(တာရာကိုတာ) အရုပ်ပုံများ ဝတ်ဆင်၍ အပြေးပြိုင်ပွဲ ဝင်ရောက်နေကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ တာရာကိုတာ မာရသွန်ပြေးပွဲငယ်သည် တရုတ်နိုင်ငံရှီအန်းမြို့၌ လွန်ခဲ့သော နှစ် ၂,၂ဝဝကျော်က တည်ရှိခဲ့သော တရုတ်စစ်သည်တော်အရုပ်များဆီ ကမ္ဘာလှည့်ခရီးသွားများလာရောက်ကြည့်ရှု့လည်ပတ်ရန် ဆွဲဆောင်သည့် ခရီးသွားမြှင့်တင်ရေး မာရသွန်ပြေးပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)