Connect with us

North America

ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းရန် အမေရိကန်၏ တောင်းဆိုမှုသည် “နိုင်ငံရေးအရ ရန်စမှု” ဖြစ်ဟု တရုတ်သံရုံးပြောကြား

အမေရိကန်နိုင်ငံဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင်၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းရန် အမေရိကန်အစိုးရ၏ တောင်းဆိုးမှုသည် “ နိုင်ငံရေးအရ ရန်စမှုတစ်ခု” နှင့် “ တရုတ်-အမေရိကန် ဆက်ဆံရေးကို တမင်သက်သက်ဖျက်ဆီးသည့် အလွန်အမင်းလက်ခံနိုင်ဖွယ်မရှိသော ၊ တရားမျှတမှုမရှိသော ” တောင်းဆိုချက်ဖြစ်ကြောင်း အမေရိကန်နိုင်ငံရှိ တရုတ်သံရုံးက ဇူလိုင် ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရဲ့ လုပ်ငန်းဆောင်တာအားလုံးကို ရပ်ဆိုင်းဖို့ အမေရိကန်က ရုတ်တရက်တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ အချိန်သတ်မှတ်ချက်တစ်ခုအတွင်းမှာ အပြီးလုပ်ဖို့ ပြောခဲ့တယ်။ ဒါဟာ အမေရိကန်နိုင်ငံဘက်က နိုင်ငံရေးအရ တစ်ဖက်သတ် ရန်စမှု လုပ်ဆောင်ချက်တစ်ခုပါပဲ ၊ တရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံကြား နှစ်ဖက် ကောင်စစ်သဘောတူညီချက် နဲ့ နိုင်ငံတကာဥပဒေ ၊ နိုင်ငံတကာဆက်ဆံရေးအခြေခံစည်းမျဉ်းစည်းကမ်းတွေကို ဆိုးဝါးစွာ ချိုးဖောက်လိုက်တာပါပဲ” ဟု တရုတ်သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။  

“ အဲဒီလို အလွန်အမင်းလက်ခံနိုင်ဖွယ်မရှိတဲ့ တရားမျှတမှုမရှိတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးကို တမင်သက်သက်ဖျက်ဆီးပစ်မယ့် လုပ်ဆောင်မှုတစ်ခုကို တရုတ်နိုင်ငံဘက်က ပြင်းထန်စွာ ရှုတ်ချသလို ခိုင်ခိုင်မာမာ ကန့်ကွက်ပါတယ် ” ဟု သံရုံးကြေညာချက်တွင် ဖော်ပြခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရေး အခြေခံစည်းမျဉ်းကို ကိုင်စွဲ ကျင့်သုံးလျက်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

လွန်ခဲ့သော နှစ်များစွာက ဟူစတန်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံး အပါအဝင် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံသံတမန်များသည် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာသဘောတူညီချက် နှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာသဘောတူညီချက်များနှင့်အညီ တာဝန်ဝတ္တရားများကို ပီပီပြင်ပြင် ပြုမူလိုက်နာကျင့်သုံးခဲ့ကြောင်း နှင့် တရုတ်-အမေရိကန် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှု နှင့် ချစ်ကြည်ရင်းနှီးမှုကို ပူးပေါင်းဆောင်ရွက်ရန် နှင့် တွန်းအားပေးရန် ၊ တရုတ်-အမေရိကန်အကြား အပြန်အလှန်ဖလှယ်မှုကို မြှင့်တင်ရန် ဦးတည်ဆောင်ရွက်ခဲ့ကြောင်း ကြေညာချက်က ဆိုသည်။

“အမေရိကန်နိုင်ငံရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိပါဘူး ၊ ပြီးတော့ အဲဒီစွပ်စွဲချက်တွေဟာ ပကတိအမှန်တရားမဟုတ်သလို ကျိုးကြောင်း ဆီလျော်မှုလည်း မရှိပါဘူး ၊ အမေရိကန်နိုင်ငံဘက်က တရုတ်နိုင်ငံအပေါ် တိုက်ခိုက်ဖို့ သက်သက်ပါပဲ ၊ အဲဒါကို ဘယ်တော့မှ ခွင့်လွှတ်ပေးလို့မရပါဘူး” ဟု ဆိုသည်။

အပြန်အလှန် ပြုမူကျင့်သုံးခြင်းဆိုင်ရာ နည်းလမ်းအရ တရုတ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံရေး ဗီယင်နာသဘောတူညီချက် နှင့် ကောင်စစ်ဆက်ဆံရေး ဗီယင်နာသဘောတူညီချက်များနှင့်အညီ အမေရိကန်သံတမန်များနှင့် လူပုဂ္ဂိုလ်အပေါ်  တန်ပြန်လုပ်ဆောင်မှုကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ နဲ့ ဇွန်လ တွေမှာ တရုတ်သံတမန်တွေအပေါ် တရားမျှတမှုမရှိတဲ့ ကန့်သတ်မှုတွေကို ပြဌာန်းလုပ်ဆောင်ခဲ့ပါတယ်၊ တရုတ်နိုင်ငံ သံတမန်တွေရဲ့ စာအိတ်တွေကို ဂုဏ်သိက္ခာမဲ့စွာ ကြိမ်ဖန်များစွာ ဖွင့်ဖောက်ခဲ့ပါတယ် ။ ပြီးတော့ တရုတ်နိုင်ငံရဲ တရားဝင် ကုန်ပစ္စည်းတွေကို သိမ်းဆည်းတာတွေလုပ်ခဲ့ပါတယ် ” ဟု ဆိုသည်။

“ အမေရိကန်နိုင်ငံရဲ့ စက်ဆုတ်ဖွယ် ပရမ်းဗတာ လုပ်ဆောင်မှုတွေကြောင့် အမေရိကန်မှာရှိတဲ့  တရုတ်သံတမန်အဖွဲ့တွေနဲ့ လူပုဂ္ဂိုလ် တစ်ဦးထက်မကဟာ သူတို့အပေါ် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေရှိတာကို တရုတ်သံရုံးက လက်ခံရရှိခဲ့ပါတယ် ” ဟု ၎င်းက ဆိုသည်။

“ အမေရိကန်နိုင်ငံဘက်က တရုတ်နိုင်ငံမှာ လာရောက်ပြီး လုပ်ကိုင်နေတဲ့ သံတမန် နှင့် ကောင်စစ်ရေးရာ အစီအစဉ်တွေဟာ တရုတ်နိုင်ငံဘက်က အမေရိကန်နိုင်ငံမှာ သွားရောက် လုပ်ကိုင်နေတဲ့ အရေအတွက်ထက် ပိုများပါတယ် ၊ အခြားနေရာတွေမှာတော့ အပြန်အလှန် ပြုမူကျင့်သုံးခြင်းဆိုင်ရာ စဉ်းမျဉ်းကို ရောင်ပြန် မဟတ်ပါဘူး”။ “ အမေရိကန်ရဲ့ လုပ်ဆောင်မှုတွေဟာ သူ့ကိုသူသာ ပြန်ပြီး ထိခိုက်စေမှာပါ” ဟု တရုတ်သံရုံးက ဆိုသည်။

“ ဒီလိုမှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို အမြန်ဆုံး ပြန်ပြီးရုပ်သိမ်းဖို့ အမေရိကန်ကို ကျွန်တော်တို့တိုက်တွန်းပါတယ် ၊ အဲလိုမှ မဟုတ်ရင်တော့ တရုတ်နိုင်ငံအနေနဲ့ တရားဝင် လိုအပ်တဲ့ အရေးယူမှုတွေကို ပြန်လည် တုံ့ပြန်ဆောင်ရွက်သွားရပါလိမ့်မယ်” ဟု ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။ (Xinhua)