Connect with us

North America

အာဖဂန်တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်ဗိုလ်ချုပ်တစ်ဦး ဒဏ်ရာရရှိကြောင်း အမေရိကန်စစ်တပ်အတည်ပြု

အာဖဂန်စစ်မြေပြင်တွင် ထိခိုက်ဒဏ်ရာရသွားသော အမေရိကန်စစ်တပ်ဗိုလ်မှူးချုပ် Jefferey Smiley အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ်၌ အောက်တိုဘာ ၁၈ ရက်ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတစ်ခုအတွင်း အမေရိကန်ဗိုလ်ချုပ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း အမေရိကန်စစ်တပ်က အတည်ပြုပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများက သတင်းဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်တောင်ပိုင်းတွင် စစ်ဆင်ရေးပြုလုပ်နေသော နေတိုးတပ်ဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဖြစ်သူ အမေရိကန်ကြည်းတပ်မှ ဗိုလ်မှူးချုပ် Jefferey Smiley သည် ပစ်ခတ်ခံရကြောင်း နှင့် ၎င်းသည် အာဖဂန်-နေတိုး(NATO) လုံခြုံရေးအစည်းအဝေးတစ်ခုအတွင်း သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာရသွားခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်သတင်းမီဒီယာများက ဆိုသည်။

“ ကန်ဒါဟာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုအတွင်း သေနတ်ဒဏ်ရာတစ်ချက်ရသွားရာက သူပြန်ပြီး သက်သာသွားပြီ ဆိုတာကို ကျွန်တော်အတည်ပြုပါတယ်” ဟု နေတိုးတပ်ဖွဲ့စစ်ဆင်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Grant Neeley ၏ အခင်းဖြစ်နေ့က ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁၈ ရက်ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း ပြည်နယ်ရဲဗိုလ်ချုပ် Abdul Raziq အပါအဝင် ပြည်နယ် ထိပ်တန်းအရာရှိ လေးဦးသေဆုံးသွားကြောင်း သိရသည်။ သေနတ်သမားမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ကိုယ်ရေးလုံခြုံရေးအရာရှိဖြစ်ပြီး ၎င်းသည်လည်း အခင်းဖြစ်နေရာ၌ သေဆုံးသွားကြောင်း သိရသည်။

တိုက်ခိုက်မှုသည် ကာလရှည်စစ်မက်ဖြစ်ပွားနေသော ်အာဖဂန်နစ္စတန်နိုင်ငံ၏ အောက်လွှတ်တော်(သို့မဟုတ်) Wolesi Jirga လွှတ်တော်ရွေးကောက်ပွဲအတွက်ပြင်ဆင်နေစဉ် ကာလအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာဖဂန်အစိုးရက တောင်ကန်ဒါဟာပြည်နယ်၌ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။( Xinhua)