Connect with us

North America

ဒေါ်နယ်ထရမ့်က ရီပတ်ဘလစ်ကန်ပါတီခေါင်းဆောင် Reince Priebus အား အိမ်ဖြူတော် ဝန်ထမ်းအရာရှိချုပ် ခန့်အပ်

ရီပတ်ဘလစ်ကန်ပါတီ ခေါင်းဆောင် Reince Priebus အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ သစ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသော ဒေါ်နယ်ထရမ့်သည် Republican National Committee (RNC) ဥက္ကဋ္ဌ Reince Priebus အား အိမ်ဖြူတော်ဝန်ထမ်းအရာရှိချုပ် အဖြစ် ခန့်အပ်လိုက်ကြောင်း နိုဝင်ဘာလ ၁၃ ရက်က ထုတ်ပြန်သော တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး မန်နေဂျာတာဝန်ယူခဲ့သူ Stephen Bannon သည် သမ္မတ၏ မဟာဗျူဟာအဖွဲ့ခေါင်းဆောင် နှင့် အကြီးတန်းအကြံပေးအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“ နိုင်ငံကို ဦးဆောင်သွားဖို့အင်မတန်စွမ်းဆောင်ရည်ရှိတဲ့အသင်းအဖွဲ့နဲ့အတူ လုပ်ကိုင်သွားရမှာဖြစ်လို့ကျေနပ်ပျော်ရွှင်မိပါတယ်” ဟု ထုတ်ပြန်ချက်တွင် ထရမ့်က ဆိုထားသည်။

Priebus နှင့် Bannon တို့ နှစ်ဦးစလုံးအနေဖြင့် ထရမ့်၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကူအညီပေးရန် စိတ်အားထက်သန်နေကြကြောင်း သိရသည်။

ပြီးခဲ့သော နိုဝင်ဘာ ၈ ရက်ကပြုလုပ်သော ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ထရမ့်အတွက် ၎င်း၏ အစိုးရအဖွဲ့တွင် ပါဝင်ရမည့် အလွန်အရေးပါသော ရာထူးများကို ပထမဆုံးစတင်ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ရွေးကောက်ခံ ဒုသမ္မတ ဖြစ်သူ Mike Pence အား တာဝန်လွှဲပြောင်းရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်း အစောပိုင်းကတည်းက ခန့်အပ်ထားခဲ့သည်။

အသက် ၄၄ နှစ် အရွယ်ရှိ Priebus သည် Winconsin နယ်သားဖြစ်ပြီး RNC ဥက္ကဋ္ဌအဖြစ် ၂ဝ၁၁ ခုနှစ်က စတင်တာဝန်ယူခဲ့သည်။ ၎င်းသည် သမ္မတ တာဝန်ထမ်းဆောင်မည့် ဒေါ်နယ်ထရမ့် နှင့် လွှတ်တော်ဥက္ကဋ္ဌ Paul Ryan တို့နှစ်ဦးစလုံးနှင့် ဆက်ဆံရေးကောင်းမွန်သူ တစ်ဦးဖြစ်ရာ ကွန်ကရက် နှင့် အိမ်ဖြူတော်အကြား ဖြစ်နိုင်သမျှမတူကွဲပြားမှုများကို ကိုင်တွယ်ဖြေရှင်းသွားရန် အရည်အချင်းပြည့်မီ သူတစ်ဦးဖြစ်ကြောင်း သိရသည်။

အသက် ၆၂ နှစ်အရွယ် ရှိ Bannon သည် သတင်းမီဒီယာ အမှုဆောင်တစ်ဦးဖြစ်ပြီး ထရမ့်၏ မဲဆွယ်စည်းရုံးရေးမန်နေဂျာရာထူးကို သြဂုတ်လတွင် စတင်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် သမ္မတ ရွေးကောက်ပွဲကာလအတွင်း ဒေါ်နယ်ထရမ့် အားထောက်ခံသည့် သတင်းများဖော်ပြပေးသော Breitbart သတင်းစာ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်သည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်တွင် အမေရိကန်နိုင်ငံ၏ သမ္မတ ရာထူးကို စတင်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.