Politics, Law & Military
မြန်မာနိုင်ငံက အကြိမ်(၆၀)မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ
ရန်ကုန်၊ နို၀င်ဘာ ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက အကြိမ် (၆၀) မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (နို၀င်ဘာ ၁၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါအကြိမ် (၆၀) မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ယခုအစည်းအဝေးများတွင် အာဆီယံအသိုက်အဝန်း ၂၀၄၅ နှင့် အာဆီယံ ပေါင်းစည်းဆက်သွယ်မှု ၂၀၃၀ နှင့်အညီ အာဆီယံသယ်ယူပို့ဆောင်ရေးလုပ်ငန်း စီမံကိန်း(၂၀၂၆-၂၀၃၀) ဖော်ဆောင်နိုင်ရေးကိုလည်း ကြိုဆိုကြောင်း၊ အာဆီယံဒေသတွင်း ရေရှည်တည်တံ့သော ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ဆွေးနွေးဖက်နိုင်ငံများ၏ စဉ်ဆက်မပြတ်ပံ့ပိုးမှုသည်များစွာ ထိရောက်မှုရှိကြောင်း၊ အာဆီယံမိသားစုများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးရုံး၏ စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုနှင့် ခိုင်မာသောကတိကဝတ်များကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ယင်း အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် နှစ်ကြိမ်ကျင်းပခဲ့ပြီး ယခုတတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ကြောင်း သိရသည်
လက်ရှိကျင်းပသော အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အီးယူစသော ဆွေးနွေးဖက်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်လျက်ရှိကြောင်း၊ အစည်းအဝေးများကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
