Connect with us

Politics, Law & Military

အစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့များကြောင့် ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများရှိလင့်ကစား ကမ္ဘာ့ကပ်ရောဂါဘေး ကျော်လွှားနိုင်ရေး ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အတူနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးတွင် ဝမ်းနည်းမှု အထိမ်းအမှတ်ဖြင့် အလံ ထက်ဝက် လွှင့်ထူထားစဉ်(ဓာတ်ပုံ - United Nations Myanmar)

ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) 

မြန်မာအစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့များကြောင့် ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများရှိလင့်ကစား ကမ္ဘာ့ကပ်ရောဂါဘေး ကျော်လွှားနိုင်ရေးအတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အတူတကွ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ဒေသခန့်ဝန်ထမ်းတစ်ဦးဖြစ်သူ ဉီးပြည့်စုံဝင်းမောင်သည် ဧပြီ ၂၀ ရက်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်းတံတားအနီးတွင် ၎င်းမောင်းနှင်လာသည့် မော်တော်ယာဉ်အား တိုက်ခိုက်ခြင်း ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ ဧပြီ ၂၁ ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း အထူးဝမ်းနည်းစွာဖြင့် ကြားသိရကြောင်း ၊ ယင်းဖြစ်ရပ်မှာ WHO တံဆိပ်အမှတ်အသား ထင်ရှားစွာတပ်ဆင်ထားသော မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်ခြင်း ဖြစ်သည့်အပြင် ယင်းမော်တော်ယာဉ်သည် COVID-19 ရောဂါ သံသယရှိလူနာများ၏ နှာခေါင်းတို့ဖတ် နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန် ထွက်ခွာလာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည့်အတွက် ပိုမို၍ပင် တုန်လှုပ်မိကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

အစိုးရအနေဖြင့် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် သွားရေးအတွက် လည်းကောင်း၊ ယခုကဲ့သို့ ရှုံ့ချဖွယ်လုပ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ကာကွယ်တားဆီးရေး အတွက်လည်းကောင်း ဆောင်ရွက်သွားရန် ခိုင်မာစွာ ဆုံးဖြတ်ထားကြောင်းလည်း သတင်းထုတ်ပြန်ခဲ့သည်။ 

မြန်မာအစိုးရအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဝန်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည့်အတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်ရစ်သူမိသားစုတို့အား အထူးစာနာထောက်ထား ဝမ်းနည်း ကြေကွဲမိကြောင်း ဖေါ်ပြလိုကြောင်း ၊ COVID-19 ကပ်ရောဂါအား တိုက်ဖျက် ရေးအတွက် မြန်မာအစိုးရ၏ မဆုတ်မနစ် ကြိုးပမ်းမှုများကို ကူညီပံ့ပိုး ရန် လူသားချင်းစာနာထောက်ထားမှုတာဝန် ထမ်းဆောင်နေသည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ မော်တော်ယာဉ်တစ်စီးအ‌ပေါ် ယင်းသို့သော ပြစ်တင် ရှုံ့ချဖွယ်ရာလုပ်ရပ် ကျူးလွန်ခဲ့ခြင်းအတွက် မြန်မာအစိုးရ အနေဖြင့် များစွာစိတ်မကောင်း ဖြစ်မိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117