Connect with us

MYANMAR

ကျန်းမာရေးပြဿနာများ တယ်လီဖုန်းဖြင့် ဆွေးနွေးမှုများအနက် COVID-19 အကြောင်း ဆွေးနွေးပေးခြင်းက အကြိမ်ရေ အများဆုံးဖြစ်

ရန်ကုန်မြို့၌ တယ်လီဖုန်း ဆက်သွယ်ပြောဆိုနေသူ နှစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ရေးသားသူ – ဟေမာန်

COVID-19 ကာလ ပြည်သူများ ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာများကို မြန်မာနိုင်ငံဆရာဝန်အသင်း ၊ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ အနေဖြင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးအကြံပေးမှုများကို လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာလအတွင်း တယ်လီဖုန်းဖြင့် ဆွေးနွေးမှုများအနက် COVID-19 ရောဂါအကြောင်း ဆွေးနွေးပေးခြင်းမှာ အကြိမ်ရေအများဆုံးဖြစ်ကြောင်း အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းဇော်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

“အောက်တိုဘာ ၃၁ ရက်အထိ စုစုပေါင်း ၂,၀၇၉ ကြိမ် phone call ခေါ်ဆိုရရှိပြီးတော့ ဆွေးနွေးဖြစ်တယ်။ အဲဒီဆွေးနွေးတဲ့အပိုင်းမှာက New Case က ၁,၈၃၄ ၊ ၈၈ ဒသမ ၂ ရာခိုင်နှုန်းပေါ့ ။ Follow Up Case ကတော့ ၂၄၅ ယောက် ရှိတယ်။ အဲဒါက ၁၁ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိပါတယ်။ အသက်အရွယ်ထဲမှာ ဘယ်ထဲက အလာအများဆုံးလဲဆိုရင် ၁၆ နှစ်ကနေ ၆၄ နှစ်ပေါ့ ။ အဲဒါ အမေးအများဆုံးပါ ။ အဲဒါက ၁,၇၁၁ ကြိမ်ပေါ့။ စုစုပေါင်း ၈၂ ရာခိုင်နှုန်းကတော့ အဓိက အများဆုံး ဖြစ်တယ်။ အသက် ၆၅ နှစ်နဲ့ အထက်မှာကြတော့ ၂၇၄ ကြိမ် ၊ ၁၃ ရာခိုင်နှုန်းပေါ့။အမျိုးသားနဲ့ အမျိုးသမီးဆိုရင် ကျွန်တော်တို့ကို အမျိုးသားကတော့ အမေးနည်းပါတယ်။ အမျိုးသမီးတွေက သူ့အတွက်လည်း မေးတာ ရှိသလို သူရဲ့ အပေါင်းအသင်းတွေ မိဘတွေ ၊ ဆွေမျိုးတွေအတွက် ဒိုင်ခံပြီးတော့ မေးပေးတာလည်း ရှိတာပေါ့နော် ။ ”ဟု အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းဇော်က ရှင်းပြသည်။

တယ်လီဖုန်းဖြင့် ဆွေးနွေးမှုများတွင် အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ ဆွေးနွေးမှု ၂,၀၇၆ ကြိမ်အနက် COVID-19 အကြောင်း ဆွေးနွေးပေးခြင်းမှာ ၁,၂၆၆ ကြိမ် ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၀ ဒသမ ၉ ရာခိုင်နှုန်း ရှိကြောင်း နှင့် Non COVID-19 အကြောင်း ဆွေးနွေးပေးခြင်းမှာ ၈၁၃ ကြိမ် ရှိကာ ရာခိုင်နှုန်းအားဖြင့် ၃၉ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

“COVID-19 ကာလမှာ ပြည်သူရော ၊ ဆရာဝန်ရော နှစ်ယောက်လုံး ထိခိုက်နစ်နာမှာစိုးတဲ့အတွက်ကြောင့် ကျွန်တော်တို့က New Normal Life နဲ့ ဆွေးနွေးရတာပေါ့။ ဖုန်းနဲ့ပဲ ဆွေးနွေးရတာပေါ့။ အဲလို ဆွေးနွေးရတဲ့အခါမှာ သေချာလေး နားထောင်ရပါတယ်။ ပြီးတော့ လုပ်သင့်လုပ်ထိုက်တာလေးတွေ ညွှန်းပြပါတယ်။ အဲဒီ ၂,၀၇၉ ယောက်မှာ Refer (လွှဲပြောင်း)လည်း ရှိတယ်။၅၀ ရာခိုင်နှုန်းက လွှဲပြောင်းပေးရတယ်။ ၅၀ ရာခိုင်နှုန်းကတော့ လွှဲပြောင်းပေးစရာ မလိုပါဘူး။”ဟု အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းဇော်က ပြောကြားခဲ့သည်။

အဆိုပါ ကျန်းမာရေးပြဿနာများကို တယ်လီဖုန်းဖြင့် ဆွေးနွေးမှုများအား ရန်ကုန်တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး ၊ မွန်ပြည်နယ် နှင့် နေပြည်တော်တို့ရှိ မြို့နယ်များတွင် အထွေထွေရောဂါကုဆရာဝန် ၂၆၆ ဦးက ပါဝင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

COVID-19 ကာလ ပြည်သူများ ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာများကို တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးအကြံပေးခြင်းများအား မြန်မာနိုင်ငံဆရာဝန်အသင်း ၊ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည့် သက်ဆိုင်ရာ မြို့နယ်အလိုက် ဖော်ပြထားသည့် ဖုန်းနံပါတ်များအား ခေါ်ဆို၍ အခမဲ့ ဆွေးနွေးအကြံဉာဏ် ရယူနိုင်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117