Connect with us

Economy

ခေတ်သစ်ပိုးလမ်းမကြီးသည် တရုတ်-မလေးရှား နှစ်နိုင်ငံစလုံးအတွက် အကျိုးပြုကြောင်း မလေးရှားပြော

မလေးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Liow Tiong Lai အားတွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဇူလိုင် ၃ (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီးသည် မလေးရှား နှင့် တရုတ် နှစ်နိုင်ငံစလုံးအတွက် အပြန်အလှန်အကျိုးပြုနေပြီး ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အကျိုးသက်ရောက်မှုများ ရှိနိုင်ကြောင်း မလေးရှားနိုင်ငံအဆင့်မြင့်အရာရှိတစ်ဦးက ဇူလိုင် ၃ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါပိုးလမ်းမကြီးသည် တရုတ် နှင့် မလေးရှား နှစ်နိုင်ငံကြား စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးခဲ့ပြီဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ Kuantan စက်မှုဇုံ နှင့် တရုတ်နိုင်ငံရှိ Qinzhou စက်မှုဇုံတို့အကြား ညီအစ်မ စက်မှုဇုံများအဖြစ် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Liow Tiong Lai က မလေးရှားပြည်တွင်း The Star နေ့စဉ်သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။
လက်ရှိတွင် အာရှတိုက်၌ ဂျပန် နှင့် ကိုးရီးယားနိုင်ငံတို့ပြီးလျှင် မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသော နိုင်ငံဖြစ်ကြောင်း နှင့် မလေးရှားနိုင်ငံ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၂ဝ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလီယံအထိရှိခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း ကုန်သွယ်မှုတန်ဖိုးသည် အသင့်သင့်သာ ရှိခဲ့သော်လည်း မလေးရှားနိုင်ငံ၌ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ကိုင်လျက်ရှိသည်။
“ ခေတ်သစ်ပိုးလမ်းမကြီးကြောင့် အားလုံးဟာ ဖြစ်နိုင်ပါတယ် ” ဟု Liow က ဆိုသည်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေခြင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းနေသည့်ကြားကပင် မလေးရှားနိုင်ငံ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အချိန်နှင့်တစ်ပြေးညီတိုးတက်လျက်ရှိကြောင်း The Star သတင်းစာက ဖော်ပြသည်။ အခြေခံလူသုံးကုန် လိုအပ်ချက်နှေးကွေးလာခြင်းကြောင့် ၂ဝ၁၆ ခုနှစ် ပထမ သုံးလအတွင်း မလေးရှားနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ယမန်နှစ်အလားတူကာလထက် ၁၇.၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရကြောင်းသိရသည်။
တရုတ်နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်းသည် မလေးရှား နိုင်ငံ Edra ကုမ္ပဏီ နှင့်ပူးပေါင်း၍ မလေးရှား ၊ အီဂျစ် ၊ ပါကစ္စတန် ၊ ယူအေအီး နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများတွင် သန့်ရှင်းသော စွမ်းအင်ကဏ္ဍ ၁၃ ခု ပူးတွဲရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံဖက်က ကြေညာထားသည်။
ထို့ပြင် တရုတ် အစိုးရပိုင် အကြီးဆုံး ရထားပို့ဆောင်ရေးကုမ္ပဏီဖြစ်သည့် (CREC) ကလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားမည်ဟု ကြေညာထားသည်။ ကွာလာလမ်ပူ နှင့် စင်ကာပူအကြားပြေးဆွဲမည့် အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံတန်ဖိုးရှိ အမြန်ရထားစီမံကိန်းကို လုပ်ကိုင်ရန် တရုတ်နိုင်ငံက စိတ်ဝင်စားနေပြီး တရုတ်အတွက် စီမံကိန်းများတိုးမြင့်ချထားပေးရန် စဉ်းစားနေကြောင်း မလေးရှားနိုင်ငံပို့ဆောင်ရေးဝန်ကြီးက ဆိုသည်။
“ ဒီစီမံကိန်းမှာ တရုတ်နိုင်ငံက မပါဝင်လာဘူးဆိုရင် နောက်ထပ် ၁ဝ နှစ်ကနေ အနှစ် ၂ဝ ထိ အချိန်ယူရအုံးမှာပါ။ ခေတ်သစ်ပိုးလမ်းမကြီးဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားတစ်ရပ်ဆိုတာကို ကျနော်အပြည့်အဝ ယုံကြည်ပါတယ်” ဟု ဝန်ကြီး Liow ကဆိုသည်။
မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကလည်း မလေးရှားနိုင်ငံကွာလာလမ်ပူမြို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အကြား မြန်နှုန်းမြင့် ရထားပြေးဆွဲရန် မကြာသေးမီက အဆိုပြုထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.