Connect with us

Politics, Law & Military

ကောလာဟလ သတင်းမှားဖြန့်ဝေခြင်းက ဗိုင်းရပ်စ်ရောဂါပိုးထက်ပို၍ ကြောက်မက်ဖွယ်ကောင်းဟု ဟွာချွမ်းရင် ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်အား ဇွန် ၉ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

အမေရိကန်သည် စက်ရုပ်အကောင့်ထိန်းချုပ်မှုမှတစ်ဆင့် တရုတ်ဗိုင်းရပ်စ် ပြုလုပ်သည်ဟူသော အဆိုကို ဖြန့်ဝေခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာ၏ဖော်ပြချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က အခြားရည်ရွယ်ချက်ရှိသူများ၏ ကောလာဟသနှင့် အပုတ်ချပုတ်ခတ်ပြောဆိုမှုများသည် ဗိုင်းရပ်စ်ရောဂါပိုးထက် ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း ဇွန် ၉ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “သြစတြေးလျ သုတေသီက မတ်လ လကုန်ကုန်ပိုင်းမှာ  တွစ်တာလူမှုကွန်ရက်ပေါ်တင်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက် ၂.၆သန်းနဲ့ ၁၀ ရက်အတွင်း ၎င်းအချက်အလက်တွေကို အကြိမ်ပေါင်း ၂၅.၅ သန်းပြန်လည်မျှဝေထားတာကို လေ့လာစမ်းစစ်ရာမှာ တွစ်တာ အကောင့် ၅,၀၀၀ ကျော်က နည်းလမ်းတစ်ပုံစံတည်းနဲ့ အကြိမ်ပေါင်း ၇၀၀၀ခန့်  ပြန်လည်မျှဝေထားပြီး ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံကလုပ်တဲ့ ဇီဝလက်နက်ဖြစ်တယ်ဆိုတဲ့ သတင်း ဖြန့်ဝေထားတာကို တွေ့ရှိရကြောင်း၊ အဆိုပါသတင်းတွေကို ပြန်လည် ဖြန့်ဝေတဲ့အကောင့်တွေဟာ အဝေးထိန်း စက်ရုပ်အကောင့်တွေဖြစ်ပြီး အများစုမှာ ရီပတ်ဘလစ်ကန်ပါတီ လက်ယာစွန်းရောက် အင်အားစု ထောက်ခံသူများနဲ့ဆက်စပ်နေတာကို တွေ့ရှိရကြောင်း   Politico သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ ပြီးခဲ့တဲ့ရက်တွေမှာ ထုတ်ပြန်တဲ့ မှားယွင်းတဲ့ ကပ်ရောဂါ သတင်းအချက်အလက် တိုက်ဖျက်ရေးနည်းလမ်း ၅ သွယ်အရ ယုံကြည်စိတ်ချရမှုမရှိတဲ့ သတင်းအချက်အလက်တွေက တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်စွာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အတားအဆီးဖြစ်စေတယ်၊ ကောလာဟလ သတင်းအတုနှင့် အမုန်းတရား နှင့်ကွဲလွဲမှုများဖြစ်စေသည့် သတင်းအချက်အလက်များကို ကုလသမဂ္ဂက အလေးထား တိုက်ဖျက်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်များနဲ့ စည်းလုံးမှု၊မျှော်လင့်ချက် တွေကို ဖော်ဆောင်လျက်ရှိကြောင်း  လို့ဖော်ပြထားပါတယ်။ ဒီအပေါ် တရုတ်နိုင်ငံအနေနဲ့ ဘယ်လို တုံ့ပြန်ပြောကြားလိုပါသလဲ”ဟု မေးမြန်းခဲ့သည့်အပေါ် ဟွာချွမ်းရင်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခုကာလများတွင် COVID-19ရောဂါနှင့်ပတ်သတ်သော သတင်းအတု သတင်းအမှားများစွာ ပေါ်ထွက်လျက်ရှိပြီး တရုတ်နိုင်ငံအား ဦးတည်သည့် ကောလာဟလ သတင်းမှားများပေါ်ထွက်လျက်ရှိကြောင်း၊ ၎င်းမှာ ကပ်ရောဂါတိုက်ဖျက်ရေးနိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်း၏ အားထုတ်ကြိုးပမ်းမှုကို အဆိပ်အတောက်ဖြစ်စေကြောင်း  ဟွာချွမ်းရင်က ဆိုသည်။

ဗိုင်းရပ်စ်ရောဂါပိုးသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံရန်သူဖြစ်ပြီး ဗိုင်းရပ်စ်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ အခြားရည်ရွယ်ချက်များဖြင့် သတင်းတု၊သတင်းမှား၊ကောလာဟလ ဖြန့်ဝေမှုများ ဖြစ်သည်ကို လက်တွေ့တွင် သက်သေထူပြီးဖြစ်ကြောင်း ၊ ယင်းနိုင်ငံရေးဗိုင်းရပ်စ်ကလည်း လူသားတစ်ရပ်လုံး၏ ဘုံရန်သူပင်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စည်းလုံးညီညွတ်စွာ သတင်းတု သတင်းမှား ကောလာဟလများကို တိုက်ဖျက်ကာ နိုင်ငံရေး ဗိုင်းရပ်စ်နှင့် နောက်ကွယ်က လက်မည်းကြီးကို အလင်းရောင်အောက်တွင် ပျောက်ကွယ်သွားအောင် ဆောင်ရွက်သင့်ကြောင်း ဟွာချွမ်းရင်က တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.