Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံ ဟူစတန် မြို့ ရှိ တရုတ် ကောင်စစ်ဝန်ချုပ်ရုံး အား ပိတ်သိမ်းရန် တောင်းဆိုမှု အပေါ် တရုတ် နိုင်ငံ က ပြင်းထန်စွာဝေဖန်ပြီး တုံ့ပြန်ဆောင်ရွက်မှု ပြုလုပ်မည် ဟု ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း အား မြင်တွေ့ရစဉ် (ဓတ်ပုံ-တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က ဇူလိုင် ၂၂ ရက် ၌ ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် အမေရိကန် နိုင်ငံ အနေဖြင့် ဇူလိုင် ၂၁ ရက်က ဟူစတန် မြို့ ရှိ တရုတ် နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းရန် ရုတ်တရက် ပြောဆိုခဲ့ခြင်းသည် အမေရိကန် နိုင်ငံ က တရုတ် နိုင်ငံ အပေါ် နိုင်ငံရေး အရရန်စမှု ဖြစ်ပြီး နိုင်ငံတကာ ဥပဒေ နှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံ စည်းမျဉ်းစည်းကမ်း ကို ဆိုးရွားစွာ ချိုးဖောက်ရာရောက်ကြောင်း ပြောကြား ခဲ့သည်။

ဝမ်းဝန်ပင်း က အမေရိကန် နိုင်ငံ ၏ ဆောင်ရွက်မှု သည် တရုတ်-အမေရိကန် ကောင်စစ်ဝန်ချုပ် ဆိုင်ရာ သတ်မှတ်ချက် ကို ဆိုးရွားစွာ ချိုးဖောက်ရာ ရောက်ပြီး ရည်ရွယ်ချက်ရှိရှိ တရုတ်-အမေရိကန် ဆက်ဆံရေး အား ဖျက်ဆီးနေခြင်း ဖြစ်ကာ အလွန်အဓိပ္ပါယ်မဲ့သော ကြမ်းတမ်းစွာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ ဆောင်ရွက်မှု အပေါ် ပြင်းထန်စွာ ပြစ်တင်ဝေဖန် ပြီး အမေရိကန် နိုင်ငံ၏ မှားယွင်းသည့် ဆုံးဖြတ်ချက် ကို အမြန်ဆုံး ပယ်ဖျက် သွားရန် သို့မဟုတ်ပါက တရုတ် နိုင်ငံ အနေဖြင့် မှန်ကန်ပြီး လိုအပ်သော တုံ့ပြန်ဆောင်ရွက်မှုများ သေချာပေါက် ပြန်လည် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ လတ်တလောကာလ တွင် အတွင်း အမေရိကန် နိုင်ငံအစိုးရ အနေဖြင့် တရုတ် နိုင်ငံ အပေါ် အဆက်မပြတ် အပြစ်ပုံချခြင်း ၊ နာမည်ဖျက် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ လူမှုအသိုင်းအဝိုင်း စနစ် အပေါ် အကြောင်းမဲ့ တိုက်ခိုက်မှုများ ဆောင်ရွက် ခဲ့ပြီး အကြောင်းမဲ့ အမေရိကန် နိုင်ငံ ရှိ တရုတ် သံတမန်များ အား အခက်အခဲ ဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ရှိ တရုတ် နိုင်ငံ ပညာတော်သင်ကျောင်းသားများ အပေါ် ခြိမ်းခြောက်ခြင်း ၊ စစ်ဆေးခြင်း ၊ အီလက်ထရော နစ်ပစ္စည်းများအား သိမ်းစည်းခြင်း နှင့် အကြောင်းမဲ့ ဖမ်းဆီးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ၊ ယခု အကြိမ်တွင် အမေရိကန် နိုင်ငံ က တစ်ဖက်သတ် ဖြစ် ဟူစတန် မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးအား သတ်မှတ်ချိန်အတွင်း ပိတ်သိမ်စေခိုင်းခြင်း သည် အမေရိကန် နိုင်ငံက တရုတ် နိုင်ငံ အပေါ် မည်သည့် အချိန် မှ မရှိခဲ့ဖူးသော ဆောင်ရွက်မှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဝမ်းဝန်ပင်း တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် အခြားနိုင်ငံ ပြည်တွင်းရေး အား ဝင်ရောက်စွက်ဖက်မှု မပြုလုပ်သည့် မူဝါဒ ကို ခိုင်မြဲစွာ ဆောင်ရွက်ခဲ့ပြီး အခြားနိုင်ငံ ပြည်တွင်းရေး အား ဝင်ရောက်စွက်ဖက်ခြင်း သည် တရုတ် နိုင်ငံ နိုင်ငံခြားရေး မျိုးရိုးဗီဇ တွင် မရှိသလို အစဉ်အလာ လည်း မရှိခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ရှိ တရုတ် နိုင်ငံခြားရေး အဖွဲ့အစည်းများ က တရုတ်-အမေရိကန် နှစ်နိုင်ငံ ပြည်သူလူထု အပြန်အလှန် နားလည်မှု နှင့် ချစ်ကြည်ရေး တိုးပွားစေရန် အတွက် ဆောင်ရွက် ခဲ့ကြောင်း တရုတ် နိုင်ငံ အနေဖြင့် “ဗီယင်နာ သံတမန်ဆက်ဆံရေး ဆိုင်ရာ ကွန်ဗင်းရှင်း” နှင့် “ဗီယင်နာ ကောင်စစ်ဝန်ဆက်ဆံရေး ဆိုင်ရာ ကွန်ဗင်းရှင်း” အရ တရုတ် နိုင်ငံ ရှိ အမေရိကန် နိုင်ငံခြားရေး အဖွဲ့အစည်း နှင့် သံတမန်များ တာဝန်ထမ်းဆောင်ရာတွင် အဆင်ပြေစေရန် ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ သို့သော် အမေရိကန် နိုင်ငံ အနေဖြင့် ယခင် နှစ် အောက်တိုဘာ နှင့် ယခုနှစ် ဇွန်လ တို့ တွင် နှစ်ကြိမ် တိုင် အမေရိကန် နိုင်ငံ ရှိ တရုတ် နိုင်ငံ သံတမန်များ အား အကြောင်းမဲ့ ကန့်သတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း ၊ တစ်ဖက်သတ် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဆိုင်ရာ ပို့စာများကို ဖောက်ကြည့်မှုများ ဆောင်ရွက်ခဲ့ပြီး တရုတ် နိုင်ငံ သံတမန် ၏ အသုံးအဆောင်များ ကို သိမ်းဆည်း ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ က လတ်တလော ကာလ အတွင်း တရုတ် နိုင်ငံ အပေါ် နာမည်ဖျက်ခြင်း နှင့် အမုန်းပွားရန် အားပေး ဆောင်ရွက်မှုများကြောင့် အမေရိကန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၊ နိုင်ငံခြားရေး ဆိုင်ရာ အဖွဲ့အစည်း နှင့် သံတမန်များ က ဗုံးဖြင့်တိုက်ခိုက်မည့် ခြိမ်းခြောက်မှု နှင့် အသက်အန္ထရာယ် ခြိမ်းခြောက်မှု တို့ကို လက်ခံရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံ သံရုံး သတင်း ဝက်ဆိုက် အနေဖြင့်လည်း တရုတ် နိုင်ငံ အား တိုက်ခိုက်သည့် ဆောင်းပါများ မကြာခဏ ဖော်ပြလေ့ရှိကြောင်း ၊ ထို့ကြောင့် မည်သည့် နိုင်ငံက အခြား နိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်နေသည် ကို သိသာထင်ရှားစွာ သိရှိနိုင်ကြောင်း ပြောကြား ခဲ့သည်။

နောက်ဆုံး တွင် ဝမ်းဝန်ပင်း က အမေရိကန် နိုင်ငံ အနေဖြင့် အမေရိကန်-တရုတ် ဆက်ဆံရေး သည် ကာလတစ်လျှောက် မညီမျှဟု အကြောင်း ပြလေ့ရှိပြီး ယင်းမှာ လုံးဝအဓိပ္ပါယ် မရှိကြောင်း ၊ လက်တွေ့တွင် နှစ်နိုင်ငံ အပြန်အလှန်ထားရှိသည့် သံရုံး ၊ ကောင်စစ်ဝန်ရုံး နှင့် သံတမန် အရေအတွက် များတွင် အမေရိကန် က များစွာ ပိုများကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ မှ သတင်းပေးပို့ချက်များ အရ ဟူစတန် မြို့ ရှိ တရုတ် နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး အား ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီ မတိုင်မီ ပိတ်သိမ်းပေးရမည် ဖြစ်ပြီး ကောင်စစ်ဝန်ချုပ်ရုံးရှိ ဝန်ထမ်းများသည်လည်း ထွက်ခွာပေးရမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)