Connect with us

MYANMAR

စားသောက်ဆိုင် လုပ်ငန်း များ၏ ဝင်ငွေရရှိမှု ၂၀၂၀ပြည့်နှစ် ပထမ ငါးလအတွင်း ထက်ဝက်ကျော်ကျဆင်း 

လက်ဖက်ရည်ဆိုင်တစ်ခုတွင် နှာခေါင်းစည်းဖြင့်ဆိုင်ထိုင်နေသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ဆိုင်များ အချိန်ကာလတစ်ခုအထိ ပိတ်ထားရသည့်အတွက် ၂၀၂၀ပြည့်နှစ် မေ လအထိ စားသောက်ဆိုင် လုပ်ငန်း များ၏ ဝင်ငွေကဏ္ဍမှာ  ယခင်နှစ်ကာလတူနှင့်  နှိုင်းယှဉ်ပါက  ဝင်ငွေရရှိမှုနှုန်း  ထက်ဝက်ကျော် ကျဆင်းသွားကြောင်း မြန်မာနိုင်ငံ  စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဇွန် ၂၆ ရက်တွင်ပြောသည်။  

မြန်မာနိုင်ငံစား သောက်ဆိုင်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦး က ”အခု ဆိုင်တွေပြန်ဖွင့်ကြပေမယ့် အခက်အခဲတွေရှိသေးတယ်။ လူတွေကလည်း အရင်လောက်မလာကြသေးဘူး။  ဒါကြောင့် အမှန်တကယ် လုပ်နေတဲ့ စားသောက်ဆိုင် လုပ်ငန်းတွေ တွေ့ကြုံနေ ရတဲ့ အခက်အခဲကို သိရှိဖို့ စစ်တမ်းတစ်ခု ကောက်ယူခဲ့တာပါ” ဟု ပြောသည်။ 

ယခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ အစားအသောက်နှင့် အဖျော်ယမကာ ကဏ္ဍမှ ဝင်ငွေရရှိမှု အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၅၄၅ သန်းသာရှိခဲ့ပြီး  ၂ဝ၁၉ ခုနှစ် ၏ ကာလတူဝင်ငွေ ရရှိမှုမှာ အမေရိကန် ဒေါ်လာ  ၁၂၅  ဒသမ  ၄၉၃ သန်း ရှိခဲ့ ကြောင်း ၎င်းကဆိုသည်။

“အဲ့ဒီစစ်တမ်းအရဆိုရင်  စားသောက်ဆိုင် လုပ်ငန်းတွေက ရောင်းအားမရှိတာတွေ၊  ဆိုင်ခန်း ငှားရမ်းခဈေးကြီးတာတွေ၊ ဝန်ထမ်းလစာတွေ၊ အခွန်အခများတာတွေ အတွက်  အခက် အခဲဖြစ်တာတွေကို ကျွန်တော်တို့တွေ့ခဲ့ရတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

COVID-19 ရောဂါစတင်ဖြစ်ပွားသည့် မတ်လမှစ၍ တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်များကို ယာယီပိတ်စေခဲ့ကြောင်းနှင့် လက်ဖက်ရည်ဆိုင်များကို ပါဆယ်စနစ်ဖြင့်   ရောင်းချ ခွင့်ပြုခဲ့သော်လည်း တချို့ဆိုင် အနည်းငယ်သာ အဝယ်ရှိကြောင်း၊လက်ရှိတွင် စားသောက်ဆိုင်လုပ်ငန်း များအား ကျန်းမာရေး စိစစ်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုထားပြီး ဇွန်လတွင်စားသုံးသူများ ပြန်လည်စည်ကားစပြုလာသော်လည်း ယခင်အခြေအနေ သို့ မရောက်သေးကြောင်း သိရသည်။  (Xinhua)