Connect with us

MYANMAR

နိုင်ငံတော်အစိုးရ နှင့် ပူးပေါင်း၍ ကုန်သည်စက်မှုအသင်းချုပ်က အခြေခံလူတန်းစားများ၏ စားရေး၊ သောက်ရေးအတွက် ကူညီဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် (၂) တွင် ကုန်သည်စက်မှုအသင်းချုပ် မှ အခြေခံစားသောက်ကုန်များအားဈေးလျှော့ ရောင်းချနေစဉ် (ဓာတ်ပုံ--UMFCCI)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သည် တစ်နိုင်ငံလုံးတွင် Coronavirus Disease (COVID 19) ရိုက်ခတ်မှု ခံစားနေရသည့် အခြေခံလူတန်းစားများ ၏ စားရေး၊ သောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်ရန် ရန်ပုံငွေတစ်ရပ်ထူထောင် ၍ နိုင်ငံတော် အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း UMFCCI က ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ဧပြီ ၇ ရက် တွင် ဆင်ဟွာသို့ ပြောသည်။

ဒေါက်တာမောင်မောင်လေးက “ငွေကျပ်သိန်းပေါင်း ၁,၅၀၀ ကို မတည်ပြီး စေတနာရှင် တွေ ရဲ့ အလှူတွေရော၊ ကုန်သည်စက်မှုအသင်းချုပ်အောက်မှာ ရှိတဲ့ အသင်း ၇၅ သင်း က လူတွေ က စေတနာ သဒ္ဓါတရားရှိသလောက် ဆီ၊ ဆန်၊ အိမ်တွင်းစားသောင်ကုန် တွေ ပေါင်းပြီးလှူဖို့ အစီအစဉ် ရှိတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ် အနှံ့ လှူမှာပါ။ နိုင်ငံတော် နဲ့ လည်းအတူပေါင်းပြီး ဆောင်ရွက်ဖို့ရှိပါတယ်’’ ဟုပြောသည်။

လက်လုပ်လက်စားများနှင့် မှီခိုသူမိသားစုဝင်များအတွက် အခြေခံစားသောက်ကုန်များကို ဝယ်ယူထောက်ပံ့ပေးရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကုန်သည်စက်မှုအသင်းချုပ် အသင်းသူ၊ အသင်းသားများ၊ ညီနောင်အသင်းများ၊ အမှုဆောင်များနှင့် လုပ်ငန်းရှင်များအားလည်း ရန်ပုံငွေ ထည့်ဝင်လှူဒါန်း လိုပါက မိမိစေတနာအလျောက်  လှူဒါန်းခြင်းဖြင့် ပူးပေါင်းပါဝင်ရန် တိုက်တွန်း နှိုးဆော်သွားမည် ဖြစ်ကြောင်း သိရသည်။

ဒေါက်တာမောင်မောင်လေးက “သင်္ကြန်ကာလ က အိမ်ထဲမှာ လူတွေအားလုံးနေကြရမယ်။ လက်လုပ်လက်စားတွေ အတွက် အလုပ်က နည်းပါး၊ရှားပါးသွား နိုင်တော့ သူတို့ အတွက် တတ်နိုင်တဲ့ အပိုင်းက လုပ်ပေးတဲ့သဘောပါ။COVID-19 ကြောင့် ထိခိုက်ရှနာဖြစ်တဲ့ အဖွဲ့အစည်းတွေ၊ ဝန်ထမ်းတွေ၊ ပျက်ဆီးဆုံးရှုံးရတာတွေ အတွက် အထောက်အပံ့တစ်ခုကောင်းရအောင် အခုလိုလုပ်ရခြင်းဖြစ်ပါတယ်’’ ဟုပြောသည်။

COVID 19 အကျိုးဆက်ကြောင့် လုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုများရှိနေပြီဖြစ်ရာ ယင်း ရိုက်ခတ်မှုသည် အခြေခံအကျဆုံးအလွှာဖြစ်သည့် လက်လုပ်လက်စားများ အလုပ်အကိုင်နှင့် ဝင်ငွေ ရရှိနိုင်မှုကို သိသာစွာ ထိခိုက်နေပြီးဖြစ်ကြောင်း ၊ ထိုလူတန်းစားများအတွက် ကူညီသွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှသိရသည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117