Connect with us

MYANMAR

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၅၃ သန်းကျော် တင်ပို့ထား ၊ လျာထားချက် ကျော်လွန် 

ရန်ကုန်မြို့ရှိ ဆန်သိုလှောင်ရုံတစ်ခုတွင် ဆန်အိတ်ထမ်းနေသော အလုပ်သမားတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်အတွင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက်အထိ စုစုပေါင်း တန်ချိန် ၂ ဒသမ ၅၃ သန်းကျော် တင်ပို့ထားပြီး လျာထားချက်ထက် ကျော်လွန်သွားပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်(MRF) အမှုဆောင်အရာရှိချုပ် ဦးမြင့်လွင်က ဆင်ဟွာသို့ ယနေ့တွင် ပြောကြားခဲ့သည်။ 

“လက်ရှိအတိုင်းက လျာထားချက်ကို ကျော်လွန်သွားပါပြီ။ကနဦး နှစ်အစ လျာထားချက်မှာ ၂ ဒသမ ၅ သန်းပေါ့။နောက်ကြတော့ COVID-19 ဖြစ်လာတဲ့ အခြေအနေနဲ့ ၂ ဒသမ ၄ သန်းအထိ အဲလောက်ပဲ ပြန်ပြီးတော့ မျှော်မှန်းတာပေါ့ ။ သို့သော်လည်းပဲ တင်ပို့နိုင်မှု အခြေအနေက COVID-19 ဖြစ်သော်လည်းပဲ ဆက်လက်ပြီးတော့ နိုင်ငံတော် အနေနဲ့ရော ကျွန်တော်တို့ အသင်းချုပ် အနေနဲ့ရော Exporter တွေ ကြိုးစားမှု အနေအထားနဲ့ ၂ ဒသမ ၅ သန်းကျော်အထိ ဆက်ပြီး တင်ပို့သွားနိုင်တဲ့ အနေအထားပါ။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက်အထိ ဆန်တန်ချိန်မှုတင်ပို့မှုသည် နိုင်ငံပေါင်း ၆၆ နိုင်ငံသို့ မက်ထရစ်တန်ပေါင်း ၁ ဒသမ ၅၈ သန်းတန်နှင့် ဆန်ကွဲတင်ပို့မှုသည် နိုင်ငံပေါင်း ၆၀ နိုင်ငံသို့ မက်ထရစ်တန်ပေါင်း ၉၄၇,၉၃၃ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၇၄ ဒသမ ၈၉ သန်း ရရှိခဲ့ကြောင်း သိရသည်။ 

“COVID-19 ပထမ စဖြစ်တဲ့ ကာလပေါ့။ မတ် ၂၃ ရက် ကြေညာပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ ခဏ တန့်သွားတယ်။ ဧပြီလ တစ်လလုံးဆိုရင် အတော်လေးကို ရပ်ဆိုင်းထားရတဲ့ အနေအထား ဖြစ်တယ်။ နောက်တော့ နိုင်ငံတော် အစိုးရနဲ့ ကျွန်တော်တို့ အသင်းအဖွဲ့တွေနဲ့ ကျွန်တော်တို့ အသင်းနဲ့ ညှိနှိုင်း ဆွေးနွေးပြီးတော့ COVID-19 ကိုလည်း အန္တရာယ် မရှိအောင် ၊ Export ကိစ္စရပ်ပေါ့ ဒါလည်း ရပ်ထားလို့ မရတဲ့ အတွက် ခွင့်ပြုနိုင်အောင် ဆိုပြီးတော့ ကျွန်တော်တို့ စီစဉ်ခဲ့ပါတယ်။ အဓိက အစီအစဉ် အနေနဲ့တော့ အရန်ဆန် ပေးသွင်းပြီးတော့ Export လုပ်တဲ့ စနစ်လေး ကျွန်တော်တို့ ဆောင်ရွက်လိုက်နိုင်တယ်။ အဲလိုလိုက်နိုင်တဲ့အတွက်ကြောင့် Exporter တွေ အနေနဲ့ကလည်း အရန်ဆန်တွေ သွင်းတယ်။ Export တွေကိုလည်း ဆက်တိုက်လုပ်တယ်။ လုပ်လိုက်တဲ့အတွက် Export က မလျော့သွားဘဲနဲ့ ဒီနှစ်က မျှော်မှန်းတဲ့ အတိုင်း ဖြစ်သွားပါတယ်။ အရန်ဆန်လည်း နိုင်ငံတော် အနေနဲ့ တန်ချိန် ၅ သောင်းကျော် ရတယ်။ ဒီလိုမျိုး အနေအထားပါ။”ဟု MRF အမှုဆောင်အရာရှိချုပ် ဦးမြင့်လွင်က ထည့်သွင်း ပြောကြားခဲ့သည်။ 

ထို့အတူ ပြည်ပသို့ ဆန်တင်ပို့မှု အခြေအနေများတွင်  ဩဂုတ်လကုန်ထိ ယခင်နှစ် နှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၃ သိန်းခန့် ပို၍ တင်ပို့ထားနိုင်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပိုမို ရရှိထားကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ 

ပြည်ပသို့ ဆန်တင်ပို့မှုများတွင် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ မက်ထရစ်တန်ပေါင်း ၄၁၃,၄၉၀ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၄ သန်း ရရှိခဲ့ကြောင်း ၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှ မက်ထရစ်တန်ပေါင်း ၂ ဒသမ ၁ သန်းတန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ ၆၅၃ ဒသမ ၄ သန်း ရရှိခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ် စက်တင်ဘာ ၁၁ ရက်အထိ ဆန်အများဆုံး တင်ပို့ထားသည့် နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ မလေးရှားနိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံတို့ ပါဝင်ပြီး ဆန်ကွဲ အများဆုံး တင်ပို့သည့် နိုင်ငံများတွင် ဘယ်လ်ဂျီယံနိုင်ငံ ၊ တရုတ်နိုင်ငံ နှင့် ဆီနီဂေါနိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117