Connect with us

MYANMAR

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် လူ ဝင်-ထွက်ခွင့် ရပ်ဆိုင်း

နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ် တားဆီးရေး အတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှ တစ်ဆင့် လူ ဝင် – ထွက်ခွင့် ရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အိမ်တော်သတင်းထောက်များဂရုပ်တွင် ယနေ့ညနေပိုင်း  ပြောကြားခဲ့သည်။

“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်ဟာ ဧပြီလ ၁၂ ရက်၊ နေ့လယ်၂း၀၀ နာရီမှာ ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာမန်ဂျူရာ ကရင်မ် ချောင်ဒရီကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါတယ်။ COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီးရေးအတွက် မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်း ငါးနိုင်ငံထဲက တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ နယ်စပ်ဂိတ်တွေကတစ်ဆင့် လူဝင်-လူထွက် ပိတ်ထားပြီး ဖြစ်ကြောင်း၊ ကုန်သွယ်မှုစီးဆင်းနိုင်ရေးအတွက်ပဲ ဖွင့်လှစ်ထားကြောင်း၊ ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း နယ်စပ်ဂိတ်တွေကတစ်ဆင့် လူဝင်-လူထွက်တွေကို ဧပြီလ (၁၃)ရက်နေ့ကစပြီး ပိတ်မှာ ဖြစ်ကြောင်း၊ ကုန်သွယ်မှု မထိခိုက်ဖို့အတွက် ကုန်စည်များ စီးဆင်းမှုကိုတော့ ဆက်လက် ခွင့်ပြုပေးမှာ ဖြစ်ကြောင်း၊ လူဝင် လူထွက် မရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်က တစ်နိုင်ငံလုံး Lock down လုပ်ထားတဲ့အတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်ကြောင်း   ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့ပါတယ်” ဟု  နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ၎င်းတို့ ဌာနချုပ်ကို ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်း၊  ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒါကာ၊ ကော့ဘဇား အပါအဝင် တစ်နိုင်ငံလုံး  Lock down လုပ်ထားကြောင်း၊ ပြည်ပနှင့် နယ်စပ်များက ဝင်ရောက်လာသူများကြောင့် ကူးစက်ပြန့်ပွားမှု ဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟူ၍လည်း ဦးဇော်ဌေးက ပြောသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.