Connect with us

MYANMAR

COVID-19 ကပ်ရောဂါကာလတွင် လမ်းပေါ်နေကလေးများအတွက် ပညာပေးခြင်း နှင့် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် လုပ်ငန်းစီမံချက် ရေးဆွဲချမှတ်မည်

ရန်ကုန်မြို့လယ်၌ ပိုးသတ်ဆေးဖျန်း ဆောင်ရွက်မှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၀ ရက်(ဆင်ဟွာ)

လက်ရှိ COVID-19 ကပ်ရောဂါကာလတွင် လမ်းပေါ်နေကလေးများအတွက် ပညာပေးခြင်း နှင့် လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းစီမံချက် ရေးဆွဲချမှတ်မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနထံမှ သိရသည်။

“ဒီဘဏ္ဍာနှစ်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာက အခု COVID-19 ရှိနေတော့ မဖြန့်ကျက်နိုင်ဘူး။ အဲဒါကြောင့် လမ်းပေါ်နေ ကလေးတွေ များတဲ့ မြို့ကြီးတွေကို ဒီဘဏ္ဍာနှစ်မှာ ဦးစားပေး အစီအစဉ်နဲ့ ဆောင်ရွက်မယ် ဆိုပြီး ရန်ကုန်နဲ့ မန္တလေးကို အဓိကထားပြီး ဆောင်ရွက်မယ်။ နောက်နှစ်ဘဏ္ဍာနှစ်တွေကြရင် ဒီနှစ် အတွေ့အကြုံတွေ အပေါ်မှာ မူတည်ပြီးတော့ လိုအပ်တာလေးတွေ ပြုပြင် မွန်းမံပြီးတော့ အခြားဒေသတွေကို ဆက်ပြီးတော့ လုပ်နိုင်ဖို့ အတွက်ကို ကျွန်တော်တို့ အခု ဆောင်ရွက်နေတယ်” ဟု စီမံချက် ရေးဆွဲဆောင်ရွက်မှု အခြေအနေအား ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

လမ်းပေါ်နေကလေးများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးအား သုံးကြိမ် ပြုလုပ်ခဲ့ပြီး စီမံချက် ရေးဆွဲဆောင်ရွက်ရေး အချက်အလက်များ ကောက်ယူရန် Survey Questions များ စီစဉ်ထားပြီး ဖြစ်ကြောင်း ၊ အချက်အလက်များ ကောက်ယူပြီးနောက် လက်တွေ့ အကောင်အထည်ဖော်နိုင်ပြီး ထိရောက် အကျိုးရှိမည့် စီမံချက် တစ်ခုကို အမြန်ရေးဆွဲရန် ဆောင်ရွက်နေကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

“အခု COVID-19 ရောဂါ ကူးစက်မခံရအောင် ဘယ်လို နေထိုင်ရမယ်ဆိုတာ အခု အသိပညာပေး လုပ်ငန်းတွေ လုပ်နေတယ် ဆိုသော်လည်း ဒီသတင်းအချက်တွေကို ဒီကလေးတွေ ရနိုင်ဖို့ အခွင့်အလမ်းဆိုတာ နည်းတယ်ပေါ့။ဒီကလေးတွေကို COVID-19 နဲ့ ပတ်သတ်ပြီးတော့ ကာကွယ်ရန် နည်းလမ်းများ ၊ အခု ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မိမိကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းတွေ ၊ မကူးစက်အောင် ဘယ်လို လုပ်ရမယ် ဒါလေးတွေ ကျွန်တော်တို့ ပေးမယ်။ သူတို့ နားလည်နိုင်တဲ့ အနေအထား ၊ စကားလုံး ဒါမျိုးကို အသုံးပြုပြီး သူတို့လဲ COVID-19 အသိပညာပေး ရအောင် လုပ်မယ်။ အဲဒီလို လုပ်ရင်းနဲ့ ဒီကလေး တစ်ခုချင်းရဲ့ လိုအပ်ချက်တွေကို လုပ်သွားမယ်။ survey အချက်အလက်လည်း တစ်ခါတည်း ကောက်မယ်။ အသိပညာလဲ ပေးမယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်မယ်။ သူတို့ဆီက သတင်းအချက်အလက် ကောက်မယ်။ ပြီးရင် သူတို့ကို ဘယ်လို ထောက်ပံ့မယ် ။ ဘယ်လို ကူညီပံ့ပိုးပေးမယ် ဆိုတာတွေကို တစ်ဦးချင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် လုပ်ပေးသွားမယ်။”ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်က ပြောကြားခဲ့သည်။ 

လမ်းပေါ်နေ ကလေးများ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေး၊ အထူးသဖြင့် COVID-19 ကာလ အတွင်း လက်ရှိကြုံတွေ့နေရသည့် အခက်အခဲတို့ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းပေါ်နေကလေးများ စီမံချက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တစ်ရပ်အား မေ ၁၉ ရက်တွင် Video Conferencing  ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ယခင် ပြုလုပ်ခဲ့သည့် အစည်းအဝေးများတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ ၊ COVID-19 ကာလအတွင်း လမ်းပေါ်နေ ကလေးများနှင့် မိသားစုများအတွက် စားဝတ်နေရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အစာအာဟာရ လုံလောက်စွာရရှိရေး၊ COVID-19 အသိပညာပေးအစီအစဉ်တို့ကို သိရှိနားလည်နိုင် ရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အပံ့ပေးနိုင်ရေး၊ ယာယီထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ COVID-19 ကာကွယ်နိုင်ရန် Mask ၊ Hand Gel တို့ကို စနစ်တကျ အသုံးပြုနိုင်ရေး၊ ရေရှည်ကူညီဆောင်ရွက်နိုင်မှုကို အထောက်အကူပြုစေမည့် စစ်တမ်းကောက်ယူရေးနှင့် စစ်တမ်းနှင့်အညီ ရေရှည်အကျိုးပြုစေမည့် လုပ်ငန်းစီမံချက် ရေးဆွဲချမှတ်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117