Connect with us

MYANMAR

COVID-19 ကုသရေးစင်တာများ၌ အောက်ဆီဂျင်လိုအပ်သူများအတွက် အောက်ဆီဂျင် မပြတ်လပ်စေရေး ကြိုးပမ်းဆောင်ရွက်ထားကြောင်း ဆို

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်မြို့၌ COVID-19 ကာကွယ်ဆေးထိုးနှံရန် ပြင်ဆင်နေသည့် အမျိုးသားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

မြန်နိုင်ငံ၌ COVID-19 တတိယလှိုင်းတွင် ကူးစက်ခံရမှုနှုန်း နေ့စဉ်မြင့်တက်လျက်ရှိကြောင်း နှင့် COVID-19 ကုသရေးစင်တာများ၌ အောက်ဆီဂျင်လိုအပ်သူများအတွက် အောက်ဆီဂျင် မပြတ်လပ်စေရေးနှင့် အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ထားရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး က ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၃ ရက်တွင် ပြောကြားသည်။“ကျွန်မပြောချင်တာက COVID-19 ရောဂါကူးစက်ခံရသူအားလုံးက အောက်ဆီဂျင်မလိုအပ်ပါဘူး။ ရောဂါဖြစ်ပွားသူတွေထဲကမှ ၁၅% ကတော့ ရောဂါပြင်းထန်ပြီး အောက်ဆီဂျင် လိုအပ်နိုင်ပါတယ်။ ကျန်တဲ့ ၅% ကတော့ ရောဂါကို ပြင်းထန်ဆိုးဝါးစွာ ခံစားရနိုင်ပြီး အသက်ရှူအားကူစက်လိုပါတယ်။ လူနာတွေကို ပြောချင်တာက ကိုယ့်သဘောနဲ့ ကိုယ်အောက်ဆီဂျင်မပေးပါနဲ့။ COVID-19 သံသယ ရှိရင် ဒေသန္တရ ဆေးခန်းတွေကို သွားပါ။ ဒေသန္တရ ဆေးခန်းတွေကနေ COVID-19 ကုသရေးစင်တာတွေ ကိုလွှဲပြောင်း ပေးမှာပါ။ အဲဒီအခါမှာလည်း လူနာရဲ့ ရောဂါအခြေအနေ ပေါ်မူတည်ပြီး သက်ဆိုင်ရာ ဆရာဝန်တွေ က အောက်ဆီဂျင်အပါအဝင် လိုအပ်တဲ့ကုသမှုတွေ လုပ်ပေးသွားမှာဖြစ်ပါတယ်’’ ဟု ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၁၂ ရက်အထိ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၉၇,၂၂၇ ဦး၊ ပြန်လည်ကျန်းမာလာသူ ၁၄၈,၀၆၀ ဦးနှင့် သေဆုံးသူစုစုပေါင်း၃၉၂၇ ဦးရှိကြောင်း သိရသည်။
ဒေါက်တာခင်ခင်ကြီး က “ဒါကြောင့်လူနာရဲ့ ၇၅ ရာခိုင်နှုန်း လောက်ကပြန်လည်ကောင်းမွန်နေပြီ။ သေဆုံးသူ က ၂ ရာခိုင်နှုန်းဝန်းကျင်ရှိတယ်။ ကျန်တဲ့ သူ ၂၃ ရာခိုင်နှုန်းက ဆေးရုံမှာ ကုသမှုခံယူနေရသူတွေဖြစ်တယ်။ အဲဒီ၂၃ ရာခိုင်နှုန်းထဲမှာမှ ၅ ရာခိုင်နှုန်းကတော့ ရောဂါပြင်းထန်သူတွေဖြစ်တယ်’’ ဟု ဆက်ပြောသည်။

လက်ရှိ COVID-19 ကူးစက်ခံရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပဲခူးတိုင်းဒေသကြီးသည် COVID-19 ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးက ဒုတိယကူးစက်မှုအမြင့်ဆုံးနေရာတွင်ရှိနေကြောင်း သိရသည်။ဇူလိုင် ၁၂ ရက်အထိ Stay at Home မြို့နယ်စုစုပေါင်း ၇၄ မြို့နယ် ရှိကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ် ကုသမှု လုပ်ငန်းစဉ်များအား အထောက်အကူဖြစ်စေရန် ဆေးဝါးနှင့် ဆက်စပ်စက်ပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာများကို ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပင်လယ်ရေကြောင်း/ နယ်စပ်ကုန်သွယ်ရေးစခန်းများမှအချိန်နှစ်တပြေးညီခွင့်ပြု ဆောင်ရွက်ပေး လျက်ရှိကြောင်း နှင့် လတ်တလော COVID-19 ကုသရေးတွင်လိုအပ်နေသည့် Oxygen Concentrator များတင်သွင်းမှုအတွက် FDA ထောက်ခံချက် နှင့် သွင်းကုန်လိုင်စင်လျောက်ထားရန်မလိုအပ်သည့်အပြင် အကာက်ခွန် ၃% အတွက် လက်ငင်းပေးဆောင်ရန်မလိုဘဲ ကြိုတင်ထုတ်ယူနိုင်ရန် ဖြေလျော့ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ကျွန်မအနေနဲ့ ပြောချင်တာက ကူးစက်နှုန်းက လက်ရှိမှာ အရမ်းမြင့်နေတယ်။ Delta ဗီဇပြောင်း ကူးစက်မှုကြောင့် မြင့်မားနေတယ်လို့ထင်ပါတယ်။ ကူးစက်ခံရသူတိုင်းက အောက်ဆီဂျင်မလိုအပ်ပါဘူး။ ပြည်သူများအနေနဲ့ အကြောက်မလွန်ဘဲ COVID-19 သံသယရှိခဲ့ရင် သက်ဆိုင်ရာ ဒေသန္တရ ဆေးပေးခန်းကို သွားဖို့ ပြောချင်ပါတယ်’’ ဟု ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.