Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းလုပ်ရန် ဆရာဝန် အယောက် ၈၀ စာရင်းပေးထား

မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) မှ စေတနာ့ဝန်ထမ်းဆရာဝန်ခေါ်ယူရန် ကြော်ငြာစာအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံဆရာဝန်အသင်း)

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းလုပ်ရန် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)သို့ စာရင်းပေးသွင်းထားသည့် ဆရာဝန်အရေအတွက် မတ် ၂၂ ရက် နံနက် အထိ အယောက် ၈၀ ခန့် ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်တိုင်းဒေသကြီး) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းဇော်က  မတ်၂၂ ရက်တွင် ဆင်ဟွာကိုပြောသည်။

ဒေါက်တာဝင်းဇော်က “စေတနာဆရာဝန်တွေကိုခေါ်ရတာ က ကျန်းမာရေးဝန်ကြီးဌာန က ကျွန်တော်တို့ အသင်းကို Request လုပ်တာပါ။လုပ်အားလိုမယ်ဆိုရင် ဆရာဝန်အသင်းဘက်ကနေ ရနိုင်မလားဆိုပြီးပြောလို့ အရံအင်အား စုတဲ့သဘောပါ။ 

လိုအပ်တဲ့ အခြေအနေ မှာ အဆင်သင့်ဖြစ်ဖို့ စုဆောင်းရတာပါ။ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အခုလိုဆောင်ရွက်ရခြင်းဖြစ်ပါတယ်’’ ဟုပြောသည်။ 

 မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများဆောင်ရွက်ရန် မတ် ၂၀ ရက်မှစတင်ပြီး စေတနာ့ဝန်ထမ်းလုပ်ရန် ဆရာဝန်များ ခေါ်ယူခဲ့ကြောင်း သိရသည်။

ဒေါက်တာဝင်းဇော်က “ပြည်သူတွေအနေနဲ့ COVID-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်တွေ ကို လိုက်နာပေးပါ။ ကောလာဟလ တွေ ကို မယုံကြပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ နိုင်ငံခြားက ပြန်လာတဲ့သူရှိရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကို သတင်းပေးဖို့ လိုပါလိမ့်မယ်။  မြန်မာနိုင်ငံမှာ COVID-19 ကို ပြည်သူတွေ နဲ့ အတူဖြတ်ကျော်နိုင်ဖို့ စွမ်းအင်တွေ အင်အားတွေ လိုပါတယ်။ အားလုံးပူးပေါင်းပြီး ဆောင်ရွက်ရမှာဖြစ်သလို တစ်ဦးချင်းဆီကလည်း ကျန်းမာရေး အသိတရားလေးတွေ နဲ့ COVID-19 ကို စုပေါင်းဝိုင်းဝန်းတိုက်ဖျက်ကြပါစို့’’ ဟု တိုက်တွန်းပြောကြားခဲ့သည်။  

မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသင်းခွဲရုံးများ ဖွင့်လှစ်ထားပြီး အသင်းဝင်ဦးရေ နှစ်သောင်းခန့်ရှိကြောင်း သိရသည်။  (Xinhua)