Connect with us

MYANMAR

COVID-19 ရောဂါစိန်ခေါ်မှုကို နိုင်ငံအင်အားပြည်သူအင်အားများ စုစည်းပြီး မားမားမတ်မတ် ရင်ဆိုင်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ရောဂါနှင့် ပတ်သတ်ပြီး မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ-အတိုင်ပင်ခံရုံး)

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

COVID-19 ရောဂါစိန်ခေါ်မှုကို နိုင်ငံအင်အားပြည်သူအင်အားများစုစည်းပြီး မားမားမတ်မတ် ရင်ဆိုင်မည်ဖြစ်ကြောင်း Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ယနေ့ ညနေပိုင်းတွင်ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

“COVID-19 ရောဂါပိုးတွေ့ရှိမှုကို ကြောက်လန့်တုန်လှုပ်မှုမရှိကြပါနဲ့ ခေါင်းအေးအေးထားပြီး သတိကြီးကြီးနဲ့ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားအစိုးရဌာနများကထုတ်ပြန်ထားသော COVID-19 နဲ့ ပတ်သတ်သော ညွှန်ကြားချက်တွေကို လိုက်နာဖို့ပဲဖြစ်ပါတယ်”ဟုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

ပြည်ပက ပြန်လာသူများသည်လည်း တာဝန်သိစွာပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ပြန်ရောက်သူများသည် စိုးရိမ်စိတ်များဖြင့် ပုန်းရှောင်နေမှုများမပြုလုပ်ဘဲ COVID-19 ရောဂါ လက္ခဏာရှိမရှိ နေ့စဉ် ကျန်းမာရေးအခြေအနေများကို ကျန်းမာရေးဌာနသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားပေးမှ ကျန်းမာရေးဌာနအနေဖြင့် အခမဲ့ကုသပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ရိက္ခာပြတ်လပ်နိုင်မှုအလားအလာမရှိနိုင်ဘဲ စိုးရိမ်စိတ်များဖြင့်လူတိုးဝယ်ယူခြင်းသည်သာ ရောဂါပိုးကူးစက်နိုင်ချေရှိကြောင်း၊ အရောင်းစင်တာများနှင့်ဈေးများပိတ်သိမ်းရန် အစိုးရအနေဖြင့် အစီစဉ်မရှိကြောင်း၊ လုပ်ငန်းများ၊ စက်ရုံများနှင့်မြို့အဝင်များ ပိတ်မည်ဆိုသည့် ကောလာဟလများလည်း ထွက်ပေါ်နေမှုသည်လည်း မမှန်ကန်ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။ COVID-19 ရောဂါသည် ထိန်းချုပ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကထုတ်ပြန်ထားပြီး ရောဂါရသူများထဲမှ ကွယ်လွန်သူ ၄.၄ ရာခိုင်နှုန်းရှိကြောင်း၊ ထို့ကြောင့်အဆိုပါ ရောဂါသည် ထိန်းချုပ်နိုင်သော ရောဂါ ဆိုသာ ထင်ရှားကြောင်း ၎င်းကဆိုသည်။  (Xinhua)