Connect with us

MYANMAR

COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ လူနာစီးနင်းခဲ့သည့် ကလေး-တီးတိန် ယာဉ်လိုင်းပေါ်ပါလူများ အား Home Quarantine လုပ်ထားဟုဆို 

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နှာခေါင်းစည်း တပ်ဆင်ထားသော ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ လူနာ မတ် ၁၇ ရက် က စီးနင်းလိုက်ပါခဲ့သည့် ကလေး-တီးတိန် ယာဉ်လိုင်းတွင် Positive လူနာနှင့် ယာဉ်ပေါ်အတူ လိုက်ပါလာခဲ့သော လူ ၁၀ဦးကျော်ကို Home Quarantine လုပ်ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ထံမှ သိရသည်။

“ရောဂါပိုးတွေ့ရှိခဲ့သူ စီးနင်းခဲ့တဲ့ ကလေး-တီးတိန် Shalom ယာဉ်လိုင်း ပေါ်ပါခရီးသည် ၁၃ဦး၊ တီးတိန်မြို့မှာ တည်းခိုခဲ့တဲ့ နေအိမ်က မိသားစုဝင် စုစုပေါင်း ၆ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။ကပ်တဲလ်ကျေးရွာမှာ တည်းခိုခဲ့တဲ့ နေအိမ်က မိသားစုဝင် စုစုပေါင်း ၆ ဦး ရှိပါတယ်။ အားလုံးကို Home Quarantine လုပ်ထားပါတယ်။သူ့မိခင်ဖြစ်သူကို သီးခြားနေအိမ်အလွတ်မှာ Home Quarantine လုပ်ထားပါတယ်။အားလုံးက နားလည်မှု အပြည့်နဲ့ ပူးပေါင်းပါဝင်ကြပါတယ်။ လက်ရှိအချိန်မှာ ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အလေးထား ဆောင်ရွက်ပေးနေပါပြီ။’’ ဟု ဦးဇော်ဌေး က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အသက် (၃၆) နှစ် အရွယ် အမျိုးသား၏ မိသားစုဝင်များ၊ ၎င်းနှင့် အနီးကပ်ထိတွေ့သူများအား နေအိမ်တွင် အသွားအလာ ကန့်သတ်ခဲ့ပြီး ကပ်တဲလ်ကျေးရွာရှိ ပြည်သူလူထုအား တတ်နိုင်သမျှ နေအိမ်တွင်သာ နေထိုင်ရန်နှင့် ကျေးရွာ ပြင်ပသို့ ဝင်/ထွက် သွားလာခြင်းများမပြုရန် တိုက်တွန်းနှိုးဆော်ထားကြောင်း၊ ၎င်းအား အနီးကပ် ဆေးကုသမှုပေးခဲ့သူ PSI မှ ဆရာဝန်ဖြစ်သူအား ဆေးရုံတွင် အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က မတ် ၂၄ ရက်  ည ၈ နာရီ သတင်းထုတ်ပြန်ချက်တွင် ထုတ်ပြန်ခဲ့သည်။ 

အဆိုပါလူနာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်မှစတင်၍ သွားရောက်ခဲ့သော ခရီးသွား ရာဇဝင်များအရ ၎င်းနှင့် ထိတွေ့ခဲ့သူပြည်သူများ အနေဖြင့် မိမိတို့နှင့်နီးစပ်ရာ ကျန်းမာရေးဌာန များသို့ အမြန်ဆုံး (အမြန်ဆုံး) အကြောင်းကြားပေးကြပါရန် တိုက်တွန်းအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

အဆိုပါလူနာသည် ၎င်း၏မိခင်နှင့်အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှ (၁၃-၃-၂၀၂၀) ရက်နေ့မှ စတင်ထွက်ခွာခဲ့ပြီး၊ ကာတာနိုင်ငံ ဒိုဟာမြို့မှတဆင့် (၁၅-၃-၂၀၂၀) ရက် နံနက်ပိုင်းတွင် British airline ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့လေဆိပ်သို့ မြန်မာ အမျိူးသားလေကြောင်းလိုင်း (UB – 503) ဖြင့် ထွက်ခွာလာခဲ့ရာ (၁၅-၃-၂၀၂၀) ရက်၊ နေ့လယ် (၂:၃၀) နာရီအချိန်တွင် ရောက်ရှိခဲ့ကြောင်း၊ ကလေးမြို့တွင် (၁၅-၃-၂၀၂၀) ရက်မှ (၁၇-၃-၂၀၂၀) ရက်နေ့ထိ တပ်ဦးသီတာ၊ ရတနာ ပုံလမ်း၌ တည်းခိုနေထိုင်ခဲ့ပြီး (၁၅-၃-၂၀၂၀) ရက် ညနေပိုင်းတွင် လမ်းဆုံရှိ ရွှေဆိုင်သို့ သွားရောက်ခဲ့ကြောင်းနှင့် (၁၆-၃-၂၀၂၀) ရက်တွင် Cherry Photo Studio တွင် Pre-wedding photo ရိုက်ကူးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ 

(၁၇-၃-၂၀၂၀) ရက်တွင် ကလေးမြို့မှ တီးတိန်မြို့သို့ ပြည်ချစ်သားလိုင်းကားဖြင့် ထွက်ခွာ လာခဲ့ကြောင်းနှင့် ကားပေါ်တွင် လူ ၁၀ ဦးကျော်ပါရှိကြောင်း၊တီးတိန်မြို့တွင် လွယ်ဘွားရပ်ကွက်တွင် တစ်ညအိပ် တည်းခိုနေထိုင်ခဲ့ပြီး (၁၈-၃-၂၀၂၀) ရက်နေ့တွင် ကပ်တဲလ်ကျေးရွာသို့ AG အသင်းတော်ကားဖြင့် ထွက်ခွာခဲ့ကြောင်းသိရသည်။ 

(၁၉-၃-၂၀၂၀) ရက်တွင် နံနက်ပိုင်းတွင် ဖျားခြင်းစတင်ခံစားခဲ့ရသဖြင့် ကပ်တဲလ် ကျေးရွာရှိ PSI ဆေးခန်းသို့ နံနက် (၈:၀၀) နာရီတွင် သွားရောက်ပြသခဲ့ကြောင်း သိရသည်။

 PSI ဆေးခန်းမှ ဆရာဝန်ဖြစ်သူအား တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် ဆက်သွယ်တိုင်ပင်၍ ပြည်သူဆေးရုံဝင်းအတွင်းရှိ (၈) ခန်းတွဲ၊ (၂) ထပ် ဆောင်သစ်၊ အပေါ် ထပ်တွင် အသွားအလာကန့်သတ်ခြင်း (Quarantine) ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါလူနာသွားရောက်ခဲ့သည့် ခရီးစဉ်တလျှောက်တွင် ထိတွေ့ခဲ့သည့် ပြည်သူ လူထုအနေ ဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်း အပ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ယခုအခါ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံ (၁၈၉) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက် ဖြစ်ပွားလျက်ရှိ သဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက် ရန် နှိုးဆော်အပ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့သည်။  (Xinhua)