Connect with us

MYANMAR

မြန်မာနိုင်ငံ၌ သုံးဦးမြောက် COVID-19 ရောဂါပိုးရှိသူ အဖြစ် လူနာ တစ်ဦးထံတွင် ထပ်မံ စစ်ဆေးတွေ့ရှိ

ရန်ကုန်မြို့တွင်း နှာခေါင်းစည်း တပ်ဆင်သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ သုံးဦးမြောက်  COVID-19 ရောဂါပိုးရှိသူ အဖြစ် ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ မတ် ၂၅ ရက် နံနက် ၁ နာရီ အချိန်တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အသက် (၂၆) နှစ်အရွယ် အမျိုးသားသည် အင်္ဂလန်နိုင်ငံမှ မတ် ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့ပြီး ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် မတ် ၂၃ ရက်တွင် အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ခံယူခဲ့ကြောင်း ၊ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား မတ် ၂၄ ရက်တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ (၂၄-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။ 

အဆိုပါလူနာအား အင်းစိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပြီး မတ် ၂၄ ရက်ညတွင် စစ်ဆေးချက်အရ ၎င်း၏ ကျန်းမာရေးအခြေအနေမှာ သက်သာလျက်ရှိကြောင်း သိရသည်။အဆိုပါ အမျိုးသားနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲ  စစ်ဆေးချက်များအရ ပထမဆုံး အကြိမ် အဖြစ် မတ် ၂၃ ရက်တွင် ရောဂါပိုး ရှိသူ လူနာ နှစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခု ထပ်မံတွေ့ရှိခဲ့သော လူနာမှာ သုံးဦးမြောက် လူနာ ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)