Connect with us

MYANMAR

COVID-19 ပိုးတွေ့ရှိမှု ၃ ရာခိုင်နှုန်းအောက် ကျဆင်း ၊ လူနာသစ် ၅၅၁ ဦးတွေ့ရှိ

ရန်ကုန်မြို့တွင နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 စမ်းသပ်တွေ့ရှိမှုနှုန်းသည် ဇန်နဝါရီ ၁၂ ရက်တွင် ၃ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ပြီး လူနာသစ် ၅၅၁ ဦး တွေရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၁,၇၃၉ ခုအား စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာ ၅၅၁ ဦး ရှိခဲ့ရာ ပိုးတွေ့ရှိမှု ၂ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။COVID-19 စမ်းသပ်တွေ့ရှိမှုနှုန်းသည် ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေကြောင်း ဇန်နဝါရီ ၃ ရက်မှ ၁၂ ရက်ထိ နေ့စဉ်စစ်ဆေးသော ဓာတ်ခွဲနမူနာများ၏ ပျမ်းမျှအရေအတွက်မှာ ၁၈,၇၉၆ ခုဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၁ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၁၂ ရက် ည ၈ နာရီအတွင်း ဆေးရုံဆင်းခွင့် ရရှိသူ ၄၅၂ ဦး နှင့် သေဆုံးလူနာ ၂၀ ဦး ရှိကြောင်းလည်း သိရသည်။မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၁၂ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၃၁,၇၃၇ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၁၁၅,၀၆၁ ဦး နှင့် သေဆုံးလူနာ ၂,၈၇၈ ဦး ရှိလာခဲ့ကြောင်း သိရသည်။

တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ပါးစပ် နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်(Mask and Face Shield Campaign) ၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (Xinhua)