Connect with us

MYANMAR

ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ခရီးထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများ လေကြောင်းလိုင်းများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်ပသို့ ထွက်ခွာမည့် ခရီးသည်များအား ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ပြည်ပနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့လည်းကောင်း ၊ ပြည်တွင်းမှ ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ခရီးထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများ အနေဖြင့် လေကြောင်းလိုင်းများသို့လည်းကောင်း ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ အသိပေးကြေညာခဲ့သည်။

ပုံမှန်ပျံသန်းပြေးဆွဲလျက်ရှိသည့် အသွား/အပြန် ကယ်ဆယ်ရေး လေယာဉ် ခရီးစဉ်များအပြင် ပြည်ပမှ အမှန်တကယ် ပြန်လည်ဝင်ရောက်ရန် လိုအပ်နေသည့် မြန်မာနိုင်ငံသားများ ၊ ပြည်ပသို့ မဖြစ်မနေ သွားရောက်ရန် လိုအပ်နေသည့် မြန်မာနိုင်ငံသားများ၊ ပညာသင်များ၊ ဆွေမျိုးများနှင့် ပြည်ပ၌ ဆေးကုသရန် သွားရောက်လိုသူများနှင့် နိုင်ငံခြားသား များအတွက် အခါအားလျော်စွာ စင်းလုံးငှား ကယ်ဆယ်ရေး အထူးလေယာဉ်များ စီစဉ်နိုင်ရေး အတွက်လည်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုခံယူ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။

လက်ရှိကာလတွင် ကယ်ဆယ်ရေးလေယာဉ်များတွင် လိုက်ပါလိုသူများ အဆင်ပြေချောမွေ့စေရေးအတွက် အပတ်စဉ် ပုံမှန်ခရီးစဉ်များကို ပျံသန်းပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ သင်္ဘောသားများသည် COVID-19 ကာလအတွင်း ပို့ဆောင်ရေးတွင် အဓိကကျသည့် key workers များ ဖြစ်သည့် အလျောက် မြန်မာသင်္ဘောသားများ အဆင်ပြေစေရေးအတွက် သီးသန့် စင်းလုံးငှားလေယာဉ်များကို အကန့်အသတ်မရှိ ခွင့်ပြုပေးလျက်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားများ အပြင် အထောက်ထားမဲ့ မြန်မာနိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းရေး စခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံသားဖြစ်မှု မှန်ကန်ကြောင်း အထောက်အထားများ စိစစ်လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များ ဖြင့်သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ်များ မှတစ်ဆင့်သော် လည်းကောင်း ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၁ ရက်မှစ၍ COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလေယာဉ်များ ပျံသန်း ပြေးဆွဲပေးလျက်ရှိရာ ယနေ့အထိ မြန်မာနိုင်ငံသား စုစုပေါင်း ၃၉,၄၉၃ ဦးကျော် ပြန်လည် ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း နှင့် ယနေ့ထိ မြန်မာသင်္ဘောသားများအတွက် သီးသန့် စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်အကြိမ် ၉၀ တိုင် ပျံသန်းပြေးဆွဲပေးနိုင်ခဲ့ပြီး မြန်မာသင်္ဘောသား စုစုပေါင်း ၁၀,၂၃၂ ဦးခန့် ပြန်လည် ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)