Connect with us

MYANMAR

မန္တလေးတိုင်းဒေသကြီးတွင် စောင့်ကြည့်လူနာတစ်ဦး သေဆုံးမှုသည် COVID-19 ရောဂါကြောင့်မဟုတ်ဟု ထုတ်ပြန်

ရန်ကုန်မြို့တွင်း Mask တပ်ဆင်သွားလာနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် နေထိုင်သော အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ်ရောက်ရှိနေစဉ် မတ် ၁၇ ရက်၌ သေဆုံးခဲ့ပြီး ၎င်းသေဆုံးမှုသည်COVID-19 ရောဂါကြောင့်မဟုတ်ကြောင်း ယနေ့ မနက် ၁နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ စောင့်ကြည့်လူနာသေဆုံးရသည့် အကြောင်းအရင်းသည် လူနာ၏ ရောဂါရာဇဝင်နှင့် သွေးစစ်ချက်အဖြေများအရ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယင်း သေဆုံးခဲ့သည့် အမျိုးသမီးသည် လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အစာမစားနိုင်ခြင်း စသည့် လက္ခဏာများဖြင့် တောင်ပြုံးတိုက်နယ်ဆေးရုံတွင် မတ် ၁၄ ရက် နံနက် (၉) နာရီအချိန်တွင် တက်ရောက်ကုသခဲ့ပြီး လူနာမှာ သက်သာမှု မရှိသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း၊ အဆိုပါ လူနာတွင် မောခြင်း၊ အသက်ရှူကြပ်ခြင်း စသည့်လက္ခဏာများ တွေ့ရှိရ သဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍  မတ် ၁၇ ရက် နံနက် (၂) နာရီ၌ ကန်တော်နဒီဆေးရုံသို့ ထပ်မံညွှန်းပို့ခဲ့ပြီး အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ထားရှိပြီး လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်စဉ် မတ် ၁၇ ရက် နံနက် (၇) နာရီ (၃၀) မိနစ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများမှ ဓာတ်ခွဲနမူနာများအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ရာတွင် ခရီးအကွာအဝေးအလိုက် ရောက်ရှိရန် ကြာမြင့်ချိန်ကွာခြားကာ ဓာတ်ခွဲနမူနာရောက်ရှိပြီး ဓာတ်ခွဲစစ်ဆေးမှုပြုအဆင့်ဆင့်ကို ပြုလုပ်ရာတွင် ကြာမြင့်ချိန် (၅) နာရီမှ (၈) နာရီ ကြာမြင့်ကြောင်း သိရသည်။(Xinhua)