Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ပြည်သူများ မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) အတွက် အမိန့်ထုတ်ပြန်ကြေညာ

ရန်ကုန်မြို့ညမြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊အင်းစိန်မြို့နယ်၊ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့မှ ပြည်သူများ  မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) အတွက် အမိန့်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းးအမိန့်သည် ယနေ့ ညနေ ၆ နာရီ အချိန်မှ စတင်သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ  ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်ခဲ့ပြီး 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်  လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 – COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင် ရန်အတွက် အချို့သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မြို့နယ် ၇ မြို့နယ်ရှိ နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် (က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ များတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)၊ (ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊(ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊(င) တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်နှင့် (စ)  ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်စသည့် စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

စည်းကမ်း(ခ)၊ (ဂ) နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက် ခွင့်မပြုရန် ထုတ်ပြန်ချက်အတွင်း ထည့်သွင်းရေးသားထားသည်။

အထက်ပါအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117