Connect with us

Culture & Entertainment

ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု ၉၉ ရာခိုင်နှုန်း ပြီးစီး

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုသည် လေးနှစ်ကျော်ကာလအတွင်း ရာခိုင်နှုန်းအားဖြင့် ၉၉ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်း ဘုရား ၊ စေတီ ၊ ပုထိုး စုစုပေါင်း ၃၈၉ ဆူအနက် ယခုနှစ် စက်တင်ဘာလ အထိ ၃၈၈ ဆူမှာ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဆောင်ရွက်ဆဲ အဖြစ် ၁ ဆူသာ ကျန်ရှိတော့ကြောင်း သိရသည်။

“ကျွန်တော်တို့က အပိုင်းလိုက် လုပ်ဆောင်သွားတာပါ။ နိုင်ငံတကာကလည်း လာရောက်ပြီးတော့ ပြင်ပေးတာပေါ့။ ဝိုင်းပြီးတော့ ပြုပြင်ပေးတယ်။ထိန်းသိမ်းပေးတယ်။ အခုက တစ်ဆူပဲ ကျန်တော့တာပေါ့။ အဲဒီတစ်ဆူကလည်း သိပ်များများတော့ မကျန်ပါဘူး ။ ကျွန်တော်တို့က အားလုံးကို ငါးနှစ်လောက် တွက်ထားတာပါ။ အခု လေးနှစ်ကျော်အတွင်းမှာတော့ ၉၉ ရာခိုင်နှုန်းကျော် ပြုပြင်ထိန်းသိမ်းပြီးပြီလို့ ပြောလို့ရပါတယ်။ ၁ ရာခိုင်နှုန်းလောက်ပဲ ကျန်ပါတယ်။”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဆိုသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်း ဘုရား ၊ စေတီ ၊ ပုထိုးများ ပြုပြင်ထိန်းသိမ်းမှုများအား ပထမ ဦးစားပေး ၊ ဒုတိယ ဦးစားပေး နှင့် တတိယ ဦးစားပေး အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ရာ ပထမ ဦးစားပေး သတ်မှတ်ထားသည့် ၃၆ ဆူအနက် ၃၅ ဆူမှာ ပြုပြင်ထိန်းသိမ်းပြီးသွားပြီ ဖြစ်ကာ ၁ ဆူသာ ကျန်ရှိတော့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ၊ သြဂုတ်လတွင် ရစ်ချ်စတာစကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေး စသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်းအဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံမှုအရ ၃၈၉ ဆူ ပျက်စီးခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုအခြေအနေများကို စိစစ်ချက်အရ ပထမ ဦးစားပေး ပြုပြင် ထိန်းသိမ်းရန် ၃၆ ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၅၃ ဆူနှင့် ပျက်စီးမှု အနည်းငယ်သာရှိသည့် တတိယဦးစားပေး ပြုပြင် ထိန်းသိမ်းမည့် ၃၀၀ ဆူအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)