Connect with us

Education & Health

တရုတ်-မြန်မာ ချစ်ကြည်ရေး တိုးပွား ခိုင်မြဲစေရေး နှင့် ပညာသင်ကြားရေး အထောက်အပံ့များ ဖြစ်စေရေး တတ်စွမ်းသမျှ ပံ့ပိုး ကူညီ သွားမည်ဟု ဆရာမကြီး ဒေါ်ဇင်ခိုင် ပြောကြား

ဆရာမကြီး ဒေါ်ဇင်ခိုင်အား တတိယအကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနားတွင် ဆင်ဟွာ သတင်းဌာန မှ တွေ့ဆုံ မေးမြန်းစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး တိုးပွားခိုင်မြဲရန် နှင့် ပညာသင်ကြားရေး အထောက်အပံ့များ ဖြစ်စေရန် တတ်စွမ်း သမျှ ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း ဆရာမကြီး ဒေါ်ဇင်ခိုင်က ယနေ့ဇန်နဝါရီလ ၂၇ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ တစ်ဝန်းမှ ပညာထူးချွန်ပြီး ငွေကြေး အခက်အခဲရှိသည့် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများအား တတိယအကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဆရာမကြီး ဒေါ်ဇင်ခိုင်က ကျောင်းသူ၊ ကျောင်းသားများအား စာပေပညာများအား ကြိုးစား စေချင်ကြောင်း၊ ပညာဉာဏ် ထက်မြက်ကာ ရိုးသား တည်ကြည်ပြီး စည်းကမ်းစောင့်ထိန်းသော ထူးချွန်လူငယ်များ ဖြစ်စေ လိုကြောင်း ၊ ကျောင်းသူ ကျောင်းသားများ အနေဖြင့် ကောင်းမှှုများ ဆောင်ရွက်ကာ မကောင်းမှုများအား အတတ်နိုင်ဆုံး ရှောင်ရှားကြစေလိုကြောင်း ၊ လူငယ်များအနေဖြင့် ပညာပြည့်ဝ နှလုံးလှပါမှ ကမ္ဘာ့အလယ်မှာ မြန်မာလူမျိုးများ တင့်တယ်နိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆရာမကြီး ဒေါ်ဇင်ခိုင်က မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိုးဝင်းအား ပညာသင်ထောက်ပံ့ငွေ များ လွှဲပြောင်း အပ်နှံစဉ် (ဆင်ဟွာ)

ဆရာမကြီး ဒေါ်ဇင်ခိုင်က ပညာရေး တက္ကသိုလ် ဒုတိယနှစ် သင်ကြားနေသည့် မယဉ်ယဉ်ဋ္ဌေးအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်နေစဉ် (ဆင်ဟွာ)

ဆရာမကြီးဒေါ်ဇင်ခိုင် ရန်ပုံငွေမှ တက္ကသိုလ်ဝင် ကျောင်းသား/ကျောင်းသူများအား တတိယအကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနား အား တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှုသံမှူး မစ္စတာ ထျန်ဆန့်ထိန်က “ဆရာမကြီး ဒေါ်ဇင်ခိုင်က မြန်မာပြည်မှာ မွေးခဲ့ပြီး တရုတ်ပြည်မှာလည်း ဆရာမ လုပ်ခဲ့ပါတယ်။ သူရဲ ့ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ က အခုအကြိမ်က တတိယ အကြိမ် ဖြစ်ပါတယ်။ ဒီနေ့ဒီကိုရောက်လာတဲ့ တခြား အလှူရှင် တွေလည်း ရှိပါ သေးတယ်။ သူတို့လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရေးအတွက် တော်တော် အကျိုး ဆောင်ခဲ့ ပါတယ်။ တရုတ်သံရုံး အနေနဲ့လည်း အခုလို ပညာသင် ထောက်ပံ့ကြေး ပေးအပ်တာကို ချီးကျူး ပြောကြားလိုပါတယ်။ နောင်မှာလည်း တရုတ် သံရုံးအနေနဲ့မြန်မာနိုင်ငံရဲ ့အခြေခံ ပညာရေး အတွက်ရော ၊ အဆင့်မြင့် ပညာရေး အတွက်ရော အကျိုးဆောင်ပေးပါမယ် ”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ဆရာမကြီး ဒေါ်ဇင်ခိုင်၏ တာဝန် လွှဲပြောင်း ပေးအပ်ချက် အရ ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားရေးတွင် ဆက်လက် ထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေ အဖွဲ့မှ ဒေါ်သန်းသန်းဝင်းက “ဆရာမကြီး ဒေါ်ဇင်ခိုင်ရဲ ့ တပည့်အရင်းပါ။ ကျွန်မတို့ကျောင်းသား ဘဝတုန်းက ဆရာမကြီးက ကျွန်မတို့ကျောင်းအုပ်ဆရာမကြီး အဖြစ်နဲ့ကျွန်မတို့ကို သွန်သင် ဆုံးမခဲ့ပါတယ်။

လူမှုရေး အရဆိုရင်လည်း ကျွန်မတို့လှိုက်လှိုက်လှဲလှဲ ဆရာမကြီးရဲ ့ခြေလှမ်းမီအောင် ပါဝင် လှုပ်ရှားချင်တဲ့ စိတ်ဆန္ဒ ရှိပါတယ်။ ဒီကလေးတွေကို ဆရာမကြီး ညွှန်ကြားတဲ့ အတိုင်း မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းဒေသကြီး နဲ့ပြည်နယ် ၁၄ ခုလုံးမှ ကူညီသင့်တဲ့ ကျောင်းသားတွေကို ကူညီချင်တဲ့ စိတ်ဆန္ဒအရ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းက ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က တဆင့် ကျွန်မတို့က အကူအညီ တောင်းခဲ့ပါတယ်။ ဥက္ကဋ္ဌကြီးကလည်း အများကြီး ကူညီပေးပါတယ်။ ကျောင်းသား ရွေးချယ်တာ တွေကိုလည်း ဥက္ကဋ္ဌကြီး ညွှန်ကြားတဲ့ အတိုင်း နောက်ကနေ ဖြည့်စွက်ပေးပါတယ်”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဆရာမကြီး ဒေါ်ဇင်ခိုင်၏ ပညာသင် ထောက်ပံ့ကြေး လက်ခံရရှိခဲ့သည့် ဧရာဝတီတိုင်း ကျိုက်လတ် မြို့နယ်မှ ပညာရေး တက္ကသိုလ် ဒုတိယနှစ် သင်ကြားနေသည့် မယဉ်ယဉ်ဋ္ဌေးက “ပညာသင် ထောက်ပံ့ကြေး ပေးမယ် ဆိုတာ သိတော့ အရမ်း ဝမ်းသာပါတယ်။ ဆရာမကြီးကိုလည်း အရမ်း ကျေးဇူး တင်ပါတယ်။ အရမ်းလဲ ပျော်ပါတယ်။

အခုလို ပညာသင် ထောက်ပံ့ကြေး ပေးတော့ အိမ်က ပိုက်ဆံ ထောက်ပံ့ရတာလည်း သက်သာပါတယ်။ ဒီက ထောက်ပံ့ကြေးနဲ့တက်ရတဲ့ အတွက် ကျောင်းမှာလည်း အဆင်ပြေပါတယ်။ ဒီထောက်ပံ့ကြေးက ကျောင်းသူကျောင်းသားတွေ အတွက် အရမ်းကို အဆင်ပြေပါတယ်။ ဒီထက်လည်း ထပ်ပြီး လှူဒါန်း နိုင်ပါစေ။ အမြဲတမ်းလည်း ထောက်ပံ့ကြေး ရှိနေနိုင်ပါစေလို့ဆုတောင်းပါတယ်” ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

ယခု အကြိမ်ကျင်းပသည့် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားသည် ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်း ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေ ထူထောင်ပြီး နောက်တတိယ အကြိမ် ကျင်းပသည့် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားဖြစ်ပြီး တက္ကသိုလ် ပညာရပ်များ သင်ယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် တစ်ဦးလျှင် ပညာသင် ထောက်ပံ့ကြေး (၃) သိန်းစီဖြင့် စုစုပေါင်း ကျောင်းသူ/ကျောင်းသား (၁၀၇) ဦး အတွက် အား ငွေကျပ် ၃၂,၁၀၀,၀၀၀ အား ပေးအပ်ခဲ့သည်။

အသက် (၈၈) နှစ်ရှိပြီဖြစ်သော ဆရာမကြီး ဒေါ်ဇင်ခိုင် ၏ မျိုးရိုးမှာ တရုတ်နိုင်ငံ ဖူကျင့် ပြည်နယ် ဖြစ်သည်။ ဆရာမကြီးသည် မြန်မာနိုင်ငံတွင် မွေးဖွား၊ ကြီးပြင်းကာ ရန်ကုန် တက္ကသိုလ်တွင် ဘွဲ့ပညာရရှိခဲ့သည်။

ပေကျင်းနိုင်ငံခြား ဘာသာတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဆရာမကြီး ဒေါ်ဇင်ခိုင်သည် ၂ဝ၁၃ ခုနှစ်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ ချီးမြှင့်သည့် “သဒ္ဓမ္မ ဇောတိကဓဇဘွဲ့” ကိုရရှိခဲ့သည်။ ဆရာမကြီး၏ ပညာသင်ကြားရေး၊ အများကောင်းကျိုး ဆောင်ရွက်ခြင်း နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး စသည့်ဘက်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် “သဒ္ဓမ္မဇောတိက ဓဇဘွဲ့” ကို ရရှိခဲ့ခြင်းဖြစ်သည်။

ဆရာမကြီး ဒေါ်ဇင်ခိုင် ရန်ပုံငွေမှ မြန်မာနိုင်ငံ တစ်ဝန်းရှိ ပညာထူးချွန် ပြီး ငွေကြေး အခက်အခဲ ရှိသော ကျောင်းသူ ကျောင်းသားများအား အဆင့်မြင့် တက္ကသိုလ် ပညာရပ်များ ဆက်လက်သင်ကြား နိုင်ရန် ထောက်ပံ့မှုများကို ပထမအကြိမ်အဖြစ် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ တွင် လည်းကောင်း၊ ဒုတိယ အကြိမ်အဖြစ် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ တွင်လည်းကောင်း ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.