Connect with us

Environment, Disasters & Accidents

လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မုတ်သုံပိုအားကောင်းလာသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့ တွင်မိုးကြီးနိုင် 

၂၀၁၈ ခုနှစ် တွင် ရန်ကုန်မြို့ ၌ မိုးရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) 

လေဖိအားနည်းရပ်ဝန်းသည် ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်ဝင်ရောက်လျက် ရှိပြီး အဆိုပါလေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် မုတ်သုံပိုအားကောင်းလာသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့ တွင် ယနေ့မှ စ သြဂုတ် ၂၀ ရက်အတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ သြဂုတ် ၁၅ ရက် တွင်ပြောသည်။

“လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံက ပိုအားကောင်းပြီး ကျန်ခဲ့တာပေါ့။ မုတ်သုံပိုအားကောင်းတဲ့အတွက် မိုးကြီးတာတွေ၊ မြေပြိုတာတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် အဲ့ဒီတိုင်းဒေသကြီးနဲ့ ပြည်နယ် တွေ မှာ နေထိုင်သူတွေ အနေနဲ့ သတိပြုသင့်တယ်။’’ ဟု ၎င်းကပြောသည်။

တစ်နေ့တာ မိုးရွာသွန်းမှု၏ မိုးရေချိန်သည် ၃ လက်မ နှင့် အထက်ရရှိပါက မိုးကြီးသည်ဟုသတ်မှတ်ကြောင်း ဆိုသည်။မုတ်သုံပိုအားကောင်းလာသည့်အတွက်  စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊  နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း နောက် ၂ ရက်အတွင်း  နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉) ပေမှ (၁၄)ပေခန့် ရှိနိုင်ကြောင်း သိရသည်။  (Xinhua)