Connect with us

Environment, Disasters & Accidents

နိုင်ငံတစ်ဝှမ်း သဘာဝဘေး အန္တရာယ် များကြောင့် သီးနှံမျိုးစုံဧက ၆ သိန်းကျော် ပျက်စီးဆုံးရှုံးပြီး မိုးစပါး သီးနှံ ဧက ၄ သိန်း နီးပါး ပျက်စီး ဆုံးရှုံးခဲ့

၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ကူညီ ဖြည့်ဆည်း ပေးနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် အတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် နိုင်ငံနှင့်အဝှမ်းတွင် ယနေ့ထိ သီးနှံမျိုးစုံဧက (၆) သိန်းကျော် ပျက်စီး ဆုံးရှုံးခဲ့ရပြီး မိုးစပါးသီးနှံ ဧက (၄) သိန်း နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိရကြောင်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ကူညီဖြည့်ဆည်း ပေးနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ရာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးသည် ယခုနောက်ပိုင်း ကာလများတွင် နှစ်စဉ်လိုလို ကြုံတွေ့ နေရသည့် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများနှင့် ပတ်သက်၍ မိမိတို့၏ အခြေခံ စီးပွားရေးဖြစ်သည့် လယ်ယာ ကဏ္ဍ ထုတ်လုပ်မှုများ တိုက်ရိုက်ထိခိုက် ဆုံးရှုံးနေသည့် အတွက် ပြန်လည်ကုစားပေးနိုင်ရန်နှင့် ထိရောက်စွာ ကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော လယ်ဧကများကို အချိန်မီ ပြန်လည် အစားထိုး စိုက်ပျိုး နိုင်ရန် မျိုးစပါးများ၊ ရေနစ်မြုပ်ခံရသဖြင့် ထိခိုက်သွားသည့် စပါးခင်းများကို ပြန်လည်ကောင်းမွန်လာစေရန် လိုအပ်သော သွင်းအားစု များဖြစ်သည့် ဓာတ်မြေဩဇာများ နှင့် စိုက်ပျိုးစရိတ်အတွက် ထောက်ပံ့ငွေများကို ဘီလီယံနှင့်ချီပြီး အချိန်မီရရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

ထို့အတူ အသင်းအဖွဲ့များမှလည်း မျိုးစပါးများနှင့် ဓာတ်မြေဩဇာများကို တတ်နိုင်သလောက် ကူညီ ပံ့ပိုး ပေးနေသည်ကို တွေ့ရှိနေရသော်လည်း အလုံးစုံ ပြည့်စုံအောင် ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိကြောင်း ၊ ထို့ကြောင့် သဘာ၀ ဘေးအန္တရာယ်ဖြစ်လာမှ ကူညီထောက်ပံ့နေမည့်အစား သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု များကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်သည့်၊ ရေရှည်တည်တံ့သည့် စနစ်တစ်ခုသို့မဟုတ် အစီအစဉ်တစ်ရပ်ကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြရန် ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

သဘာဝဘေးကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သော်လည်း နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှု ပမာဏကိုထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ပြန်လည်စိုက်ပျိုးရာတွင် စပါးကို တတ်နိုင်သမျှ စိုက်ပျိုးပြီး အခြေအနေမပေးမှသာ အခြားသီးနှံ အစားထိုးစိုက်ပျိုးခြင်းအား ဆောင်ရွက် စေလိုကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုများအပေါ် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် လိုအပ်သော ဓာတ်မြေသြဇာ၊ စက်သုံးဆီနှင့် စက်ယန္တရားများကို စိုက်ပျိုးရာသီအမီ စီစဉ်ဆောင်ရွက်ပေးသွားရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.