Connect with us

Environment, Disasters & Accidents

ရေဘေးသင့် ပြည်သူများ မူလ အနေထား အမြန်ဆုံး ပြန်ရောက်နိုင်ရန် စီစဉ် ထားဟု သမ္မတဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝဆည်ကို သြဂုတ် ၅ ရက်နေ့က လာရောက် ကြည့်ရှု့စစ်ဆေးနေစဉ် (ဓာတ်ပုံ- U Ye Htut Facebook)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် ရေကြီး ရေလျှံမှုကြောင့် ရေဘေးသင့် နေသော ပြည်သူများကို ကယ်ဆယ်ရေး၊ ကူညီ စောင့်ရှောက်ရေးတို့ကို စနစ်တကျ စီစဉ် ဆောင်ရွက်ပေးနေပြီး မူလ အနေအထားကို အမြန်ဆုံး ပြန်လည် ရောက်ရှိအောင် စီမံ ဆောင်ရွက်ပေးဖို့ အသင့် ပြင်ဆင်ထားကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ရေဒီယို မိန့်ခွန်းတွင် ပြောကြားသည်။

“မူလ အနေအထားကို အမြန်ဆုံး ပြန်လည် ရောက်ရှိအောင် ငွေအား၊ လူအား၊ ပစ္စည်းအား တို့ဖြင့် စီမံ ဆောင်ရွက်ပေးရန် အသင့် ပြင်ဆင်ထားရှိပြီး ဖြစ်ပါတယ်” ၎င်းက ဆိုသည်။သဘာဝ ဘေးဒဏ်ကို တားဆီး၍ မရနိုင်သော်လည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် စီမံ ဆောင်ရွက်မှု၊ မူလ အခြေအနေသို့ အမြန် ပြန်လည်ရောက်အောင် ပြန်လည် ထူထောင်ပေးမှုတို့ကို ကိုယ်ချင်းစာနာ စိတ်၊ မျိုးချစ်စိတ်၊ တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှုတို့ဖြင့် ပြည်သူများနှင့် ပူးပေါင်းကာ အစွမ်းကုန် ဆောင်ရွက်မည် ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

ရေဘေးသင့် သူများ ယာယီ စားသုံးနိုင်ရန် ဆန်နှင့် ထောက်ပံ့ငွေ အချို့ပေးထားပြီး အချိန် အတိုင်း အတာ တခုအထိ ဆန်များ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ရေတား တာတမံများ မကျိုးပေါက်စေရေး နေ့ရော ညပါ စောင့်ကြည့် မှုများ ပြုလုပ်နေကြောင်း သမ္မတက မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသည်။

ရေပြန်ကျပြီး လယ်ယာမြေများ အမြန်ဆုံး ပြန်လည် စိုက်ပျိုးနိုင်ရန် ထွန်စက်၊ မျိုးစပါးများကိုလည်း အသင့် ပြင်ဆင်ထားပြီး ရေနစ်မြုပ် ပျက်စီးသွားသည့် အိမ်များကို အသစ် ပြန်လည် ဆောက်လုပ်နိုင် ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သမ္မတက ဆိုသည်။

ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စု ၄၅,၅၀၂ စုမှ လူဦးရေ ၂၅၉,၇၉၉ ဦး ရေဘေးသင့်နေပြီး ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၄၇ ဦး၊ စစ်ကိုင်းတိုင်းတွင် ၇ ဦး၊ ကချင်ပြည်နယ်တွင် တစ်ဦး၊ ရှမ်းပြည်နယ်တွင် ၅ ဦး၊ မန္တလေးတိုင်းတွင် ၈ ဦးနှင့် ဧရာဝတီတိုင်း တွင် တစ်ဦး စုစုပေါင်း သေဆုံးသူ ၆၉ ဦး ရှိနေပြီဖြစ်သည်။

အဆိုပါ ရေဘေးသင့် ဒေသများသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ဆန်ရိက္ခာ ကျပ် ၃၉,၈၇၈,၅၅၀၊ အရေးပေါ် အစားအစာအတွက် ကျပ်သိန်း ၁၅,၅၇၃,၃၂၀၊ အိမ်ဆောက် ပစ္စည်းအတွက် ကျပ် သိန်း ၄၄,၉၀၀,၀၀၀၊ ကယ်ဆယ်ရေး ပစ္စည်းအတွက် ကျပ် သိန်း ၉၆,၈၃၇,၁၂၆ နှင့် သေဆုံးမှု ထောက်ပံ့ကြေး ကျပ် ၁,၈၀၀,၀၀၀ စုစုပေါင်း ရေဘေးအတွက် ကျပ် သိန်းပေါင်း ၁၉၈,၉၈၈,၉၉၆ ပေးပို့ ထောက်ပံ့ ထားကြောင်း ထုတ်ပြန်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117