Connect with us

Politics, Law & Military

နှစ်ဖက် ကျေနပ်သော အပေးအယူ အလျှော့အတင်းများ ဆောင်ရွက်ရေး ဝန်မလေးကြဖို့ တိုက်တွန်း

အစိုးရနှင့် NCA-S EAOs အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု အကျိုး၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး အကျိုးနှင့် အားလုံးအကျိုးအတွက် နှစ်ဖက် လက်ခံ ကျေနပ်သော၊ မျှတသော၊ ထိုက်သင့်သည့် အပေးအယူ အလျှော့အတင်းများကို လိုအပ်သလို ဆောင်ရွက်ပေးရေး ဝန်မလေးကြရန် တိုက်တွန်းကြောင်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAOs) မှ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်၊ RCSS အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်းက နေပြည်တော်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ယနေ့ ပြုလုပ်သည့် အစိုးရနှင့် NCA-S EAOs အလုပ်အဖွဲ့ ညှိနှိုင်း  အစည်းအဝေး၌ ပြောကြားခဲ့ သည်။

“ဆွေးနွေးတဲ့ အခါ ကိုယ့်မူ သူ့မူ အခိုင်အမာ ကိုင်စွဲပြီး တစ်ဖက်ကို တစ်ဖက် အကျပ်အတည်း ဖြစ်စေ နိုင်တဲ့၊ ညှိနှိုင်း အဖြေရှာဖို့ ခက်ခဲစေနိုင်တဲ့ ဆွေးနွေး ညှိနှိုင်းမှုမျိုးကို နှစ်ဖက်စလုံးက ရှောင်ရှားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုတိယ ဥက္ကဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

NCA-S EAOs မှ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်၊ RCSS အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ထို့အတူ ယနေ့ အစည်းအဝေး၌ အဖွင့် အမှာစကား ပြောကြားခဲ့သော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုတိယ ဥက္ကဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့် အမှာစကား ပြောကြားခဲ့ရာ “ဒီအစည်းအဝေးတွေကို ကျင်းပခဲ့တာ ခြောက်ကြိမ် ရှိပါပြီ၊ ခြောက်ကြိမ်အတွင်းမှာ သဘောတူညီ ချက်တွေ တော်တော် များများ ရခဲ့ပြီး ဖြစ်ပါတယ်၊ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ့် အကြောင်းအရာ ခေါင်းစဉ်တွေကို နှစ်ဖက် ညှိနှိုင်းနေသလို NCA အခန်း (၃) နဲ့ (၄) မှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ် တွေကို ၂၀၂၀ အလွန်မှာ ဘယ်ပုံ ဘယ်နည်း ဆွေးနွေးမယ်ဆိုတဲ့ လျာထားချက်တွေကို နှစ်ဖက် သဘောတူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC ရဲ့ အစည်းအဝေးတွေ Parallel သွားဖို့ ကိစ္စကို အဓိက ဆွေးနွေး ညှိနှိုင်းကြမှာ ဖြစ်ပါတယ်၊ မပြေလည်သေးတဲ့ သဘောထား၊ မတူညီနိုင်သေးတာတွေကို သဘောထား ကွဲနေသေးတဲ့ အချက်တွေကို ပြေလည်အောင် ညှိနှိုင်းနိုင်မယ့် အလားအလာအခြေအေနေတွေလည်း ဖန်တီးပေးဖို့လိုပါတယ်၊ ဒါမှသာလျှင်ဆွေးနွေးညှိနှိုင်းရေးနဲ့ တူညီတဲ့ ရပ်တည်ချက် သဘောထားတွေ ကို သဘောတူညီချက် အဖြစ်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။ 

အဆိုပါ အစိုးရနှင့် NCA-S EAOs အလုပ်အဖွဲ့ ညှိနှိုင်း  အစည်းအဝေးသို့ အစိုးရအဖွဲ့ဘက်မှ NRPC  ဒုတိယ ဥက္ကဌ  ဦးထွန်းထွန်းဦး ဦးဆောင်သည့် အဖွဲ့ဝင် ခုနစ်ဦး၊ NCA-S EAOs ဘက်မှ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း ဦးဆောင်သည့် အဖွဲ့ဝင် ၁၄ ဦးတို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.