Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

ဖမ်းဆီးရမိသည့် တရားမဝင်သစ်တစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်

ကရင်ပြည်နယ်တို့အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(CMRS)ဖြင့် သတင်းပေးပို့ချက်အရ ဒီဇင်ဘာ ၁ ရက်မှ ၅ ရက်အထိ သစ်တောဝန်ထမ်းများ၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်း ဒေသကြီး တန့်ဆည်မြို့နယ်၊ ကျွန်းလှမြို့နယ် မိုင်းဝန်းကြိုးဝိုင်း အကွက်အမှတ်(၁၀၇)အတွင်း တရားမဝင်ကျွန်းသစ် ၅ ဒသမ ၈၂၂၀ တန်၊ ပျဉ်းကတိုးသစ် ၄ ဒသမ ၉၂၀၀ တန်၊ အင်ကြင်း သစ် ၅ ဒသမ ၀၁၈၀ တန် စုစုပေါင်း ၁၅ ဒသမ ၇၆၀၀ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ် ပြင်ကနုဝကျေးရွာ အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာ၊ ဘင်္ဂလားပင်လယ်အော် အတွင်း စက်လှေတစ်စင်းနှင့်အတူ တရားမဝင် ကျွန်း၊ ပိတောက်၊ တမလန်းခွဲသား ၂၃ ဒသမ ၁၁၅၀ တန်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိ သည်။

 

ထို့ပြင် မွန်ပြည်နယ် ရေးမြို့နယ် အဇင်း ကျေးရွာတွင် တရားမဝင် ပျဉ်းကတိုးယောင် ခြမ်း ၉ ဒသမ ၈၉၉၈ တန်၊ လုံးပတ် သုံးပေ အောက် ပျဉ်းကတိုးသစ် ၀ ဒသမ ၂၇၆၀ တန် နှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦး၊ ကရင် ပြည်နယ် မြဝတီမြို့နယ် အာရှလမ်း သင်္ဃန်း ညီနောင် ပူးပေါင်းစစ်ဆေးရေးဂိတ်နေရာ၌ ၁၂ ဘီးယာဉ်ပေါ်မှ တရားမဝင်ထင်းရှူးခွဲသား ၁၀ ဒသမ ၇၀၅၀ တန်နှင့်အတူ ပြစ်မှုကျူးလွန် သူတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မြဝတီမြို့နယ် အာရှလမ်း သင်္ဃန်း ညီနောင် ပူးပေါင်းစစ်ဆေးရေးဂိတ်နေရာ၌ ယာဉ်ပေါ်မှ တရားမဝင်လိပ်ပါးနီ ၂၈၄၉ ကောင် အား ပြစ်မှုကျူးလွန်သူတစ်ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ-၃၉(ဈ)ဖြင့် အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်။  (Xinhua)