Connect with us

Politics, Law & Military

နောင်တက်လာမည့် အစိုးရ၏ ပထမဆုံး တာဝန်တစ်ခုမှာ ငြိမ်းချမ်းရေး တည်ဆောက်ရန် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ရှိ NLD ရုံးချုပ် ၌ ပြုလုပ်သည့် ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

နောက်တက်လာမည့် အစိုးရ၏ ပထမဆုံး တာဝန်တစ်ခုမှာ ငြိမ်းချမ်းရေးတည်ဆောက်ရန် ဖြစ်ပြီး တကယ် ထိရောက်သော ငြိမ်းချမ်းရေး ညီလာခံ တစ်ခု ကျင်းပကာ လက်မှတ်ထိုးထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အားလုံးပါဝင်လာနိုင်အောင် ပိုမိုလုပ်ဆောင်ရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ဇန်နဝါရီ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ ပြုလုပ်သည့် ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့အတူ စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အမြန်ဆုံး တည်ဆောက်နိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်း ၊ ကြိုးစားသည့် နေရာတွင် ပြည်သူများ အားလုံး ၊ တပ်မတော် ၊ တိုင်းရင်းသား အသီးသီး ပါဝင်ရမည် ဖြစ်ပြီး မိမိတို့အပေါ်တွင် စေတနာ ထားသည့် တစ်တိုင်းပြည်လုံးသာမက တစ်ကမ္ဘာလုံးမှ ပါဝင်ပြီး ကူညီရန် လိုအပ်ကြောင်း (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ နာယက ဦးတင်ဦးက မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအား ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ကျင်းပနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ လွတ်လပ်ရေး သက်တမ်းသည် ရင့်ကျက်လာပြီ ဖြစ်၍ အားလုံးသည် နိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ယူရမည့် အချိန် ရောက်ပြီ ဆိုသည်ကို သဘောပေါက်ရန် လိုအပ်ကြောင်း ၊ မိမိနိုင်ငံ ၊ ပြည်ထောင်စုကြီး တိုးတက် ၊ သာယာ ရန် နှင့် ငြိမ်းချမ်း ၊ ညီညွှတ်ရန် ကိုယ်တိုင် တာဝန်ရှိသည် ဆိုသော စိတ်ဓာတ်နှင့် ဆက်လက် လုပ်ဆောင် ရလိမ့်မည် ဖြစ်ကြောင်း ၊ တာဝန် မယူချင်ပါက လွတ်လပ်ရေး၏ အရသာကို ခံစားရမည် မဟုတ်ကြောင်း ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထ့ိုအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ကြေညာချက်အား ယနေ့ထုတ်ပြန်ခဲ့ပြီး ကြေညာချက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အခြေခံလျက် အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်း ၊ နိုင်ငံ၏ လွတ်လပ်ရေးကို ဆက်လက် ထိန်းသိမ်း ကာကွယ် သွားကြရန် ၊ လွတ်လပ်ရေး ဂုဏ်သိက္ခာကို ပိုမို မြှင့်တင်နိုင်ကြရန် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့၊ နေ့ထူးနေ့မြတ်ကြီးတွင် လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် အပါအဝင် နိုင်ငံတကာ သံတမန်များနှင့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ (Xinhua)