Connect with us

Politics, Law & Military

တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက လွတ်လပ်ရေးနေ့သဝဏ်လွှာ ပေးပို့တိုက်တွန်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို လွှင့်တင်ပြီး တိုင်းရင်းသား ၊ တိုင်းရင်းသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ နိုင်ငံတော်အလံကို အလေးပြုနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့ဇန်နဝါရီလ ၄ ရက်တွင် နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

နိုင်ငံတော် အလံတင် အခမ်းအနားကို နံနက် ၄ နာရီ မိနစ် (၂၀) တွင် ကျင်းပခဲ့ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံကို လွှင့်တင်ပြီး တိုင်းရင်းသား ၊ တိုင်းရင်းသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။

နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့ လာသော (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားနေစဉ် (ဆင်ဟွာ)

ထိုနောက် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ နှင့် ရဲဘော်များအား အလေးပြုပြီး အောက်မေ့ သတိရသော အားဖြင့် နှစ်မိနစ်ကြာ ဂါရဝပြု ငြိမ်သက်ကြပြီးနောက် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားခဲ့သည်။

ဂုဏ်ပြုတပ်ဖွဲ့မှ (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဂုဏ်ပြုနေစဉ် (ဆင်ဟွာ)

ထိုသဝဏ်လွှာတွင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက် ရှင်သန်နိုင်ရန် တိုင်းရင်းသား ၊ ပြည်သူ နှင့် တပ်မတော်တို့တစ်သားတည်း ပူးပေါင်း ဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော်၏ လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတတ်ရေး အတွက် အစိုးရ အဖွဲ့သာမက နိုင်ငံရေး အင်အားစုများ ဖြစ်သည့် လွှတ်တော်များ ၊ နိုင်ငံရေး ပါတီများ ၊ တပ်မတော် နှင့် ပြည်သူ တရပ်လုံး ပါဝင်မှသာ အောင်မြင်မှုများ ရရှိမည် ဖြစ်ကြောင်း ၊ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ရန် နိုင်ငံရေး အင်အားစုများ အားလုံး ညီညီညွတ်ညွတ် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ဖော်ပြပါရှိသည်။

(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် တက်ရောက်လာသူများက နိုင်ငံတော် အလံကို အလေးပြုနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်ရေး အတွက် မတူကွဲပြားမှုများကို အင်အား အဖြစ် ပြောင်းလဲ ရယူ၍ ညီညွတ်မှုကို ကြိုးပမ်း ဖော်ဆောင်ကြရမည် ဖြစ်ကြောင်း ၊ စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေအနေကောင်းများ ၊ အလားအလာကောင်းများ ပေါ်ထွန်းနေပြီ ဖြစ်ရာ
တိုင်းရင်းသား ညီအစ်ကို မောင်ရင်းနှမများ အားလုံး စည်းလုံး ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယခု ၂၀၁၆ ခုနှစ်၊ (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ပြည်ထောင်စု တိုင်းရင်းသား အားလုံး ပြည်ထောင်စုကြီးအတွင်း၌ ဥမကွဲ သိုက်မပျက် အတူတစ်ကွ ရာသက်ပန် ပူးပေါင်းနေထိုင်ရေး ၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တို့အတွက် တိုင်းရင်းသား အားလုံး စုစည်း ထိန်းသိမ်း ကာကွယ်ရေး ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် နှင့် အတူ ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်း ဆောင်ရွက်ရေး နှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံသစ်ကို ပြည်သူ့ စွမ်းအားဖြင့် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ဟူသည့် ဦးတည်ချက် လေးရပ်ဖြင့် ကျင်းပခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့ပြီး အချုပ်အခြာ အာဏာကို ပြန်လည် ရယူနိုင်ခဲ့သည်။ (Xinhua)