Connect with us

Politics, Law & Military

NCA စာချုပ်တွင် တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ် ရေးထိုးနိုင်ရေး အစိုးရဘက်က နည်းလမ်းရှာဖွေပြီး ရှေ့ဆက်ရန် ဆန္ဒရှိဟုဆို

(၉) ကြိမ်မြောက် အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန MPC တွင် သြဂုတ် ၆ ရက်နေ့၌ ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင် လက်မှတ် ရေးထိုးနိုင်ရေးကို အစိုးရဘက်မှ နည်းလမ်းရှာဖွေပြီး ရှေ့ဆက်သွားရန် ဆန္ဒရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ယနေ့ ( ၉) ကြိမ်မြောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) ညှိနှိုင်း ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ပြောကြားသည်။

“ NCA စာချုပ်ကို အချောသတ်နိုင်ပြီး ရလဒ်ကောင်းများ ရရှိကာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန် နှစ်ဖက် ကြိုးစား ဆွေးနွေးမယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

ယနေ့ ( ၉) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် အတိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် ဆွေးနွေးပွဲတွင် အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေး၊ NCA စာချုပ်ပါ အချက်သုံးချက် ဆက်လက် ဆွေးနွေးရေး၊ အသိသက်သေ အဖြစ် မည်သူ ပါဝင်နိုင်ရေးများကို ဆွေးနွေးမည် ဖြစ်သည်။

“အခုချိန်ဟာ အရေးကြီးတဲ့ အချိန် ဖြစ်တယ်ဆိုတာ တိုင်းရင်းသား အဖွဲ့တွေ နားလည်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အားလုံးပါဝင်မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရမှာဖြစ်ပါတယ်” ဟု SD အဖွဲ့မှ ခေါင်းဆောင် ပဒို နော်စီဖိုးရာစိန်က ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်နိုင်ရေးကို အစိုးရအဖွဲ့အနေဖြင့် အကောင်းဆုံး နည်းလမ်းရှာ ဖွေမည်ကို ယုံကြည်ကြောင်း၊ ရှေ့ဆက်သွားရန် အလားအလာ ကောင်းများ ရရှိရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

“အောင်မြင်တဲ့ အဆုံးသတ်နိုင်တဲ့ အစည်းအဝေးဖြစ်ဖို့ ဆန္ဒရှိပါတယ်။ ငြိမ်းချမ်းရေးကို အောင်မြင်ရမယ်လို့ ယုံကြည်ပါတယ်” ဟု UPWC အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးရရန် အပြည့်အဝ ယုံကြည်ပြီး တိုင်းရင်းသားများဘက်က တင်ပြသည့် စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေး အာမခံချက်များ ရရှိမှုနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် ပြန်လည် ဆွေးနွေးထားကြောင်း ၎င်းက ဆိုသည်။

စစ်ရေး အာမခံချက်နှင့် နိုင်ငံရေး အာမခံချက်များသည် NCA တွင် ထည့်သွင်းပါရှိပြီး လူမှုရေး အာမခံချက်အတွက် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးပြီးလျှင် တိုင်းရင်းသားအဖွဲ့များ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး စီးပွားရေး၊ လူမှုရေးများ လုပ်ကိုင်နိုင်ရန် မလွဲမသွေ ဆောင်ရွက်ပေးမြည်ဖစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။

ယနေ့ ( ၉) ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် ညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာတွင် ယနေ့ စတင် ဆွေးနွေးခဲ့ပြီး လေ့လာသူများအဖြစ် တရုတ် ကိုယ်စားလှယ်နှင့် UN အထူး ကိုယ်စားလှယ် ကိုယ်စား တစ်ဦး တက်ရောက်ခဲ့သည်။ (Xinhua)