Connect with us

Economy

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေး နှင့် ကုန်စည် ပြပွဲ ရှမ်းပြည်နယ် လားရှိုးမြို့၌ ပထမဆုံး အကြိမ် ကျင်းပ

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

လားရှိုး ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ လားရှိုးမြို့၌ ပထမဆုံး အကြိမ် အဖြစ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေး နှင့် ကုန်စည် ပြပွဲကို ယနေ့ နိုဝင်ဘာ ၂၁ ရက်တွင် လားရှိုးမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ စတင် ကျင်းပ ပြုလုပ်ခဲ့သည်။

ပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ယနေ့ အခမ်းအနားမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး ကြိုးပမ်းမှု ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်း‌ ဆောင်ရွက်မှုများကို ထင်ဟပ်စေကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေး နှင့် ကုန်စည် ပြပွဲအား ဒေသ နှစ်ခု အကြား ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးတက် လာစေရေး ၊ ဒေသခံ ကုန်သည် လုပ်ငန်းရှင်များ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ပိုမို ရရှိစေရေး ၊ ခရီးသွား လုပ်ငန်း နှင့် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင် ပေးနိုင်ရေးတို့ အတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားခဲ့သည်။

ယခု ပြပွဲသည် ဒေသ နှစ်ခု၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးပါသည့် အုတ်မြစ် တစ်ခု ဖြစ်ကြောင်း ၊ ထိုကြောင့် မြန်မာ-တရုတ် ကုန်သည် လုပ်ငန်းရှင်များ ၊ ဒေသခံ ပြည်သူများ အနေဖြင့် ကုန်စည် ပြပွဲ Platform ကို အသုံးပြု၍ ဒေသ စီးပွားရေး ဖွံံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ သံမှူးကြီး Ms.Li Xiaoyan က အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ သံမှူးကြီး Ms.Li Xiaoyan က ယခုနှစ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံက ပထမဆုံး အကြိမ် လားရှိုး-လင်ချန်း နယ်စပ် စီးပွားရေး နှင့် ကုန်စည်ပြပွဲကို ကျင်းပခြင်းသည် နှစ်နိုင်ငံ ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရန် ခြေလှမ်း အသစ် လှမ်း စလိုက်ခြင်း ဖြစ်ကြောင်း ၊ နှစ်ဦးနှစ်ဖက်က နယ်စပ် စီးပွားရေး နှင့် ကုန်စည်ပြပွဲ ဆိုသည့် စင်မြင့်ကို ကောင်းမွန်စွာ အသုံးချပြီး ကူးလူး ဆက်ဆံမှုကို တစ်ဆင့် တိုးမြှင့်ကာ စီးပွားရေး အခွင့်အလမ်းများ ရှာဖွေ၍ ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး ဘက်စုံနယ်ပယ်စုံ လက်တွေ့ကျ သောရလဒ်များ ရရှိရန် ကြိုးပမ်း၍ နှစ်နိုင်ငံ နယ်စပ် ဒေသ လူမှု စီးပွားဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယခု အကြိမ် နယ်စပ် စီးပွားရေး နှင့် ကုန်စည် ပြပွဲသည် နှစ်နိုင်ငံ ကုမ္ပဏီ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှု ၊ နယ်စပ် ပြည်သူများ ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံမှုနှင့် တရုတ်-မြန်မာ Belt and Road နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ကို အတူတကွ တည်ဆောက်ရေး အတွက် အခွင့်အလမ်းများ ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

လင်ချန်းမြို့ ပြည်သူ့အစိုးရ ပါတီ အတွင်းရေးမှူး Mr.Yang Haodong က အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် လင်ချန်းမြို့ ပြည်သူ့အစိုးရ ပါတီ အတွင်းရေးမှူး Mr.Yang Haodong က လားရှိူး နှင့် လင်ချန်းသည် One Belt One Road လမ်းကြောင်းပေါ်တွင် ရှိသော အရေးပါသည့် မြို့နေရာများ ဖြစ်ကြောင်း ၊ ကုန်စည်ပြပွဲမှ တစ်ဆင့် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများ အတွက် တိုးချဲ့ ဖလှယ်မှု နှင့် ပိုမို ပူးပေါင်း လုပ်ဆောင်နိုင်သည့် စင်မြင့် တစ်ခုကို တည်ဆောက်ပေးပြီး နှစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်ပြီး နယ်စပ် ပြည်သူများ ချမ်းသာသုခများကို ပိုမို ခံစားစေနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲ ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲ ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲ ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲ ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲ ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲ ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲ ကျင်းပနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၃၂ ခုက ပြခန်းပေါင်း ၆၀ ခန့်တွင် ဒေသထွက် စားသောက်ကုန်များ ၊ အမှတ်တရ လက်ဆောင် ပစ္စည်းများ ၊ လက်ဖက် နှင့် ကော်ဖီ ၊ ခေါက်ဆွဲခြောက် နှင့် ကြာဆံခြောက်များ ၊ သစ်အချောထည်များ ၊ ခရီးသွား လုပ်ငန်းများ ပါဝင် ပြသခဲ့ကြောင်း သိရသည်။

ပြပွဲတွင် ရှမ်းပြည်နယ်၏ ဒေသ ထွက်ကုန် တစ်ခု ဖြစ်သည့် ဆန်အရက် ကို ပါဝင် ပြသထားသူ ကိုစိုးလှိုင်က ” အဓိက က ကျွန်တော်တို့ဒေသရဲ့ ဒေသထွက်ကုန်ကို နိုင်ငံတကာကိုသိစေချင်တဲ့ ရည်ရွယ်ချက်ပါ။အထူးသဖြင့် လင်ချန်း ဆိုတာ ကျွန်တော်တို့နဲ့ နယ်မြေချင်းလဲ နီးစပ်တဲ့ နေရာ ဒီပွဲလုပ်တုန်း သူတို့ကိုလည်း ချပြချင်လို့ပါ။ ကျွန်တော်တို့ ကုန်ပစ္စည်းကတော့ ဒေသရဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကဘိုးစဉ်ဘောင်ဆက် မိရိုးဖလာ ရှေးရိုးအစဉ်အလာအတိုင်း ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီပွဲက တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက်လည်း အများကြီး အကျိုးရှိမယ်လို့ ထင်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ထို့အတူ တရုတ်နိုင်ငံမှ ကုမ္ပဏီ ၄၈ ခုက ပြခန်းပေါင်း ၈၀ ခန့်တွင် စားသောက်ကုန်များ ၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ပစ္စည်းများ ၊ အဝတ်အထည်များ ၊ အိမ်ဆောက် ပစ္စည်းများ ၊ လူသုံးကုန် နှင့် အလှကုန် ပစ္စည်းများ ပါဝင် ပြသကြကြောင်း သိရသည်။ 

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေး နှင့် ကုန်စည် ပြပွဲအား မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့နှင့် တရုတ် နိုင်ငံ လင်ချန်းမြို့ပြည်သူ့အစိုးရတို့ ပူးတွဲ ကျင်းပခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်ထိ ကျင်းပသွားမည် ဖြစ်ပြီး ပြပွဲ၏ ဆောင်ပုဒ်မှာ “ရပ်ဝန်း တစ်ခု ၊ လမ်းကြောင်း တစ်သွယ် ၊ ဆွေမျိုးပေါက်ဖော် ညီအစ်ကိုတို့ အတူတကွ လျှောက်လှမ်းကြပါစို့” ဖြစ်ကြောင်း သိရသည်။(Xinhua)