Connect with us

Africa & Middle East

ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ အမေရိကန်ပါဝင်ခြင်းကို အီရန်ကန့်ကွက်

စစ်မက်ဖြစ်ပွားမှုဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရသော ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ အားတွေ့ ရစဉ် (ဆင်ဟွာ)

တီဟီရန် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

မကြာမီဖြစ်ပေါ်ရန် အလားအလာရှိသည့် ဆီးရီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ အမေရိကန်နိုင်ငံပါဝင်ခြင်းကို အီရန်နိုင်ငံမှ ကန့်ကွက်ကြောင်း အီရန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mohammad Javad Zarif က ဇန်နဝါရီလ ၁၇ ရက်တွင်ပြောကြားခဲ့သည်ဟု Tasnim သတင်းဌာနက သတင်းဖော်ပြသည်။

“ အမေရိကန်နိုင်ငံကို မဖိတ်ပါဘူး။ ပြီးတော့ အမေရိကန်နိုင်ငံပါဝင်မှုကိုလည်း ကျွန်တော်တို့ကန့်ကွက်ပါတယ်” ဟု ပြီးခဲ့သော ရက်သတ္တပတ်ကကာဇက်စတန်နိုင်ငံ သို့ရောက်ရှိစဉ် အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Zarif နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့သည် ဇန်နဝါရီလ ၁၆ ရက်က တယ်လီဖုန်းဆက်သွယ်၍ ဆီးရီးယားအရေးအပေါ် နှစ်ဖက်အမြင်များကို ဆွေးနွေးခဲ့ကြကြောင်း ၊ ထိုသို့ဆွေးနွေးပြီးနောက် ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ အမေရိကန်ပါဝင်ခြင်းကို အီရန်နိုင်ငံက ကန့်ကွက်သည်ဆိုသည့် မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သတင်းဌာနက ဆိုသည်။

ရုရှား၊တူရကီ နှင့် အီရန် နိုင်ငံများမှ သံတမန်များ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယခုလအစောပိုင်းက ဆီးရီးယားအစိုးရတပ် နှင့် သူပုန်တပ်ဖွဲ့ဝင်တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတစ်ခု ရရှိခဲ့သည်။

ဆီးရီးယားအစိုးရ နှင့် သူပုန်တပ်ဖွဲ့တို့အကြား ကာဇက်စတန်နိုင်ငံ အက်စတနာမြို့(Astana) ၌ ဇန်နဝါရီလ ၂၃ ရက်တွင် ဆွေးနွေးပွဲစကားဝိုင်းသစ်တစ်ခု ပြုလုပ်သွားရန် နောက်ပိုင်းတွင် ကြေညာခဲ့သည်။ ရုရှား နှင့် တူရကီနိုင်ငံတို့က အဆိုပါဆွေးနွေးပွဲတွင်ပါဝင်ရန် အမေရိကန်နိုင်ငံအား ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.