Connect with us

Africa & Middle East

နိုင်ဂျီးရီးယား ဘုရားရှိခိုးကျောင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု တွင် သေဆုံးသူ ၁၁ဦးရှိလာ

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခဲ့သည့် နိုင်ဂျီးရီးယားရှိ ဘုရားရှိခိုးကျောင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အဘူဂျာ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ ဘုရားရှိခိုးကျောင်းတစ်ခုတွင် သြဂုတ် ၆ ရက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေသည် ၁၁ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က သြဂုတ် ၇ ရက်တွင်ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း အနမ်ဘရာပြည်နယ် အိုဇူဘူလူးဧရိယာ ရှိ စိန့်ဖိလစ် ကတ်သလစ် ဘုရားရှိခိုးကျောင်း တွင် သြဂုတ် ၆ရက် အစောပိုင်းကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် ဆုတောင်းဝတ်ပြုသူ အနည်းဆုံး ၈ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၈ဦးဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ဒေသတွင်းဆေးရုံမှတ်တမ်းများကို ကိုးကား၍ ပြည်နယ်မြို့တော်အော်ကမြို့၌ အနမ်ဘရာပြည်နယ် ရဲချုပ် ဂါဘာအူမာ က ဒဏ်ရာရရှိသူအချို့သည် ဆေးကုသစဉ်အတွင်းသေဆုံးသွားခဲ့ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

အူမာက ဒဏ်ရာရရှိသူ ၁၈ဦးခန့်ကို ပြည်နယ်မြို့တော်ရှိ Nnami Azikwe တက္ကသိုလ်သင်ကြားရေးဆေးရုံတွင် ဆေးကုသမှုပေးထားကြောင်း ပြောကြားခဲ့သည်။

ဘုရားကျောင်းပစ်ခတ်မှု နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်သူများကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။

သို့သော် ရဲတပ်ဖွဲ့၏ ကနဦး စုံစမ်းစစ်ဆေးမှုများအရ ယင်းသတ်ဖြတ်မှုသည် လူပုဂ္ဂိုလ်၂ဦးအကြား ရန်ငြိုးထားမှုမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး တစ်ဦးမှာ နိုင်ဂျီးရီးယားနိုင်ငံ အပြင်ဘက်တွင် နေထိုင်သူတစ်ဦးဖြစ်ကာ ကျန်တစ်ဦးမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ဘုရားကျောင်းအားဆောက်လုပ်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ယင်းဖြစ်ရပ်သည် ဘိုကိုဟာရမ်ကဲ့သို့သော အကြမ်းဖက်အုပ်စုက ထိန်းချုပ်လုပ်ဆောင်သည့် ဖြစ်ရပ်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က တိုက်ခိုက်မှုနောက်ကွယ်မှ ကြိုးကိုင်သူကို လိုက်လံဖမ်းဆီးနေသော်လည်း ယခုအချိန်ထိ တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.