Connect with us

Africa & Middle East

အာဖဂန်အရှေ့ပိုင်း၌ ကားဗုံးပေါက်ကွဲမှုဖြစ်ပွား ၊ ရဲတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

၂ဝ၁၇ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံရဲစခန်းတစ်ခုအား ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားစဉ် (ဆင်ဟွာ)

ဂါဇ်နီ ၊ အာဖဂန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇ်နီပြည်နယ်(Ghazni) ၌ ရဲစခန်းတစ်ခုအား ကားတစ်စင်းဖြင့် အသေခံဗုံးခွဲဝင်ရောက်တိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး အခြား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ကားဗုံးပေါက်ကွဲမှုသည် ဇွန် ၁ ရက် ည ၉ နာရီ ၅ဝ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ စစ်ကားတစ်စင်းကို လုယက်ပြီး အကြမ်းဖက်သမားများက Esfandi ဒေသရှိ ရဲစခန်းတစ်ခုအတွင်းသို့ မောင်းနှင်ဝင်ရောက်၍ အသေခံဗုံးခွဲတိုက်ခိုက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ၊ ရဲတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး အခြား ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Adam Khan Sirat က ဆင်ဟွာသို့ပြောကြားခဲ့သည်။

“ ကံမကောင်းစွာဘဲ အရံ ရဲတပ်ဖွဲ့ဝင် ၈ ဦး တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်။ ပြီးတော့ အခြား ၇ ဦးထိခိုက်ဒဏ်ရာရသွားတယ်။ တာလီဘန်အကြမ်းဖက်သမားတစ်ယောက် စစ်ကားတစ်စီးကို လုယူပြီး အဲဒီကားနဲ့ရဲစခန်းထဲကို အသေခံဗုံးခွဲ ဝင်တိုက်ခဲ့တာပါ” ဟု ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က ၎င်းမြို့ပြင်ရှိ ရဲစစ်ဆေးရေးဂိတ်အနီးကို စစ်ကားတစ်စီးပေါ် ဗုံးများတပ်ဆင်၍ အသေခံဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲအရာရှိ ၂ ဦးသေဆုံးပြီး လူ ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)