Connect with us

Asia

ပါကစ္စတန်နိုင်ငံတွင် ဗင်ကားတစ်စီး ရုတ်တရက်ရေကြီးမှုနှင့် ကြုံတွေ့ခဲ့မှုကြောင့် လူ ၈ ဦးသေ၊ ၆ ဦးပျောက်ဆုံး

ပါကစ္စတန်နိုင်ငံတွင် ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက် တောင်ဘက်ရှိ Waziriztan ခရိုင်တွင် မင်္ဂလာဆောင် ဧည့်ခံပွဲသို့ လာသူများအား တင်ဆောင်လာသည့် ဗင်ကားတစ်စီးမှာ ရုတ်တရက်ရေကြီးမှုနှင့် ကြုံတွေ့ခဲ့ရကာ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် လူ ၈ ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၆ ဦး ပျောက်ဆုံးသွားခဲ့ကြောင်း ဒေသခံ သတင်းများအရ သိရသည်။

အဆိုပါ ဧည့်သည်များမှာ ဆွေမျိုးတစ်ဦး၏ မင်္ဂလာဧည့်ခံပွဲသို့ သွားရောက်ရန် ဗင်ကားတစ်စီးနှင့် လိုက်ပါလာခဲ့ရာ ရေနုတ်မြောင်းတစ်ခုမှ ရေလျှံမှုကြောင့် ရုတ်တရက် ရေကြီးမှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ARY News က ဖော်ပြထားသည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ယင်းနေရာသို့ ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာခဲ့ကာ ဗင်ကားမောင်းသူ အပါအဝင် လူ ၄ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ပျောက်ဆုံးနေသူများအား ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သီတင်းပတ် အစောပိုင်းက ထိုခရိုင်အတွင်း၌ပင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး အခြားသူများစွာ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ဖူးသည်။ (Xinhua)