Connect with us

Asia

အင်ဒိုနီးရှား၌ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှု နှင့် မြေပြိုမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ဝ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှား၌ မြေပြိုမှုတွင် ပိတ်မိနေသော ကားတစ်စီးအား ကယ်ဆယ်ရေးသမားများက ဆွဲထုတ်နေစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဂျာဗားပြည်နယ်၌ ရေကြီးရေလျှံမှု နှင့် မြေပြိုမှု ဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂ဝ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးလျက် ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းရေကြီးမှု နှင့် မြေပြိုမှုသည် အိန္ဒိယသမုဒ္ဒရာမှ တိုက်ခတ်လာသော ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့်ဖြစ်ပြီး အခြား ပြည်နယ်များစွာမှာလည်း မုန်တိုင်းဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။အရှေ့ဂျာဗားပြည်နယ် Pacitan ခရိုင် သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့၏ ဒီဇင်ဘာ ၁ ရက် အစောပိုင်း ထုတ်ပြန်ချက်တွင် လူပေါင်း ၁၈၇၉ ဦးသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ရကြောင်းဖော်ပြထားပြီး နောက်ပိုင်းတွင် နေအိမ်စွန့်ခွာရသူများမှာ ၂ဝ၅ဝ ဦးထိ တိုးမြင့်ခဲ့ကြောင်း နှင့် လူနေအိမ်ပေါင်း ၁၇ဝ၉ လုံးမှာ ရေကြီးရေလျှံမှု ဒဏ်သင့်ခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီမှ ပြောရေးဆိုခွင့် ရှိသူ Sutopo Purwo Nugroho က ပြောကြားခဲ့သည်။

ရေကြီးမှု နှင့် မြေပြိုမှုအတွင်း အနည်းဆုံး လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၎င်း က ဆက်လက်ပြောကြားခဲ့သည်။ အခင်းဖြစ်နေရာသို့စက်ယန္တယားများ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ရန်မှာ အခက်အခဲတစ်ခုဖြစ်နေကြောင်း ၎င်းက ဆိုသည်။အိန္ဒိယသမုဒ္ဒရာမှ တိုက်ခတ်လာသော ဆိုင်ကလုန်းမုန်တိုင်းကြောင့် အရှေ့ဂျာဗား ၊ Yogyakarta နှင့် ဘာလီ ပြည်နယ်များအတွင်းရှိ ခရိုင်ပေါင်း ၂၈ ခုမှာ ရေကြီးမှု နှင့် မုန်တိုင်းဒဏ်ကို ခံစားရလျက် ရှိကြောင်း သိရသည်။၎င်းဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျင် ၆၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်လျက်ရှိပြီး အင်ဒိုနီးရှားပြည်နယ် တောင်ပိုင်း နှင့် အရှေ့တောင်ပိုင်း ၃၂ ကီလိုမီတာ အကွာ၌ ဗဟိုပြုလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ် အေဂျင်စီ၏ ပြောကြားချက်အရသိရသည်။(Xinhua)