Connect with us

Europe

ဘူဂေးရီးယားတွင် ခရီးသည်တင်ယာဉ် မတော်တဆဖြစ်မှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံး

ချောက်ထဲ ပြုတ်ကျနေသည့် ခရီးသည်တင် ယာဉ်တစ်စီးအား တွေ့ရစဉ်(ဆင်ဟွာ)

ဆိုဖီယာ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ)

ဘူဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာမြို့ အနီးတွင် သြဂုတ် ၂၅ ရက် က ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီးချောက်ထဲ ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တဆမှုမှာ သြဂုတ် ၂၅ ရက် နံနက် ၅ နာရီ ၁၀မိနစ်ခန့်က ဆိုဖီယာမြို့ မြောက်ဘက် Svoge မြို့ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်ပွားချိန်တွင် မိုးသည်းထန် စွာ ရွာသွန်းနေချိန်ဖြစ် ကြောင်း ၊ ခရီးသည်တင်ယာဉ်သည် ယာဉ်ငယ် ၄ စီး ကို တိုက်ပြီး အမြန်ယာဉ် လမ်းဘေးရှိ မီတာ ၂၀ အနက်ရှိသော ချောက်ထဲကို ကျသွားခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာများ၏ ပြောကြားချက်အရ သိရသည်။ လူ ၁၃ ဦးသည် အခင်းဖြစ်သောနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ကျန်သူ ၃ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ၊ ယာဉ်ငယ်တွင် စီးနင်းလိုက်ပါလာသူများကမူ သေဆုံး ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်တွင် လိုက်ပါလာသူများအနက် ၃၃ ဦးမှာ ဆိုဖီယာမြို့မြောက်ဘက်ရှိ ကျေးရွာ တစ်ရွာမှဖြစ်ကြောင်း ၊ဗရင်ဂျီ ဘုရားရှစ်ခိုးကျောင်းသို့သွားပြီး အပြန်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ အရေးပေါ်အသက်ကယ်ယာဉ် အစီး ၂၀ ကျော်က ကူညီကယ်ဆယ်မှုများပြုလုပ်နေပြီး ဒဏ်ရာရသူ များကို အမြန်ဆုံးဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117