Connect with us

International Organizations

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တရုတ်ပြည်သူများ ထံ နှစ်သစ်ကူးဆုတောင်းစကားပေးပို့

တရုတ်နိုင်ငံတွင် နှစ်သစ်ကူးပွဲတော်အကြိုပြင်ဆင်ထားမှုများအားတွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ဇန်နဝါရီ ၂၈ ရက်တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်ပြည်သူများ ပျော်ရွှင်ကျန်းမာပါစေကြောင်း နှစ်သစ်ကူးဆုတောင်း စကား ပေးပို့ခဲ့သည်။

ဂူတာရက်စ်၏ ဗီဒီယိုဖိုင်အတွင်း ၎င်းက တရုတ်ရိုးရာ ကြက်နှစ်သည် စောလျင်စွာ အစပြုခြင်း နှင့် အသစ်စတင်ခြင်းများ၏ အမှတ်သင်္ကေတဖြစ်ပြီး စွမ်းအင်၏ အရေးပါပုံ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း နှင့် အလုပ်လုပ်ကိုင်ရာ၌ အလေးအနက် တာဝန်ယူမှု တို့ကိုလည်း ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။

၎င်းက ယင်းထူးခြားသည့် အစွမ်းသတ္တိများက အခက်အခဲကြုံတွေ့ရသည့်အချိန်များတွင် လမ်းညွှန်ကူညီပေးကြောင်း ဇန်နဝါရီ ၂၅ ရက် ညပိုင်းတွင် ပေးပို့ခဲ့သည့် ဗီဒီယိုဖိုင်၌ပြောကြားခဲ့သည်။၎င်း က ၂၀၁၇ခုနှစ်သည် ငြိမ်းချမ်းသည့် နှစ်တစ်နှစ်ဖြစ်လာမည်ဖြစ်ကြောင်း နှင့် ပဋိပက္ခများ၊ လူအခွင့်အရေးချိုးဖောက်ခံရမှုများ၊ ဆင်းရဲမွဲတေမှု နှင့် အခြားသော အရေးကိစ္စများကို ကျော်ဖြတ်နိုင်ရန် အတူတကွ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ဗီဒီယိုမိန့်ခွန်းအဆုံး၌ ဂူတာရက်စ်က “ပျော်ရွှင်ဖွယ် နှစ်သစ်ကူး” နှင့် “ကျေးဇူးတင်ပါတယ်” တို့ကို တရုတ်ဘာသာဖြင့် ပြောကြားခဲ့သည်။နွေဦးပွဲတော်အဖြစ်လည်း ခေါ်ဆိုကြသည့် တရုတ်နှစ်သစ်ကူးပွဲတော်သည် တရုတ်နိုင်ငံတွင် အရေးအကြီးဆုံး ပွဲတော်တစ်ခုဖြစ်ပြီး ယခုနှစ် ဇန်နဝါရီ ၂၈ရက်တွင် ကျရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)