Connect with us

North America

နယူးယောက်မြို့ ထရန့်တာဝါမီးလောင်ကျွမ်းမှုကြောင့် လူတစ်ဦးသေဆုံး

နယူးယောက်မြို့ ထရန့်တာဝါ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

နယူးယောက် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

နယူးယောက်မြို့ မန်ဟက်တန်ရှိ ထရန့်တာဝါ ဧပြီလ ၇ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးဒဏ်ရာရှိပြီး ဆေးရုံသို့ပို့ဆောင်ကုသခဲ့ရာတွင် ဒဏ်ရာ ပြင်းထန်သောကြောင့် သေဆုံးခဲ့သည်ဟု အမေရိကန်နိုင်ငံ၊နယူးယောက်အရန်မီးသတ်ဦးစီးဌာန၏ပြောရေးဆိုခွင့်ရှိသူက ထိုနေ့ညနေတွင် ပြောကြားခဲ့သည်။

ထိုနေ့ညနေ ၅ နာရီခွဲခန့်က တာဝါ၏အထပ် ၅၀ မြောက်တွင် စတင်မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်သမားနှင့် အရေးပေါ် ကုသကယ်ဆယ်သူ အယောက် ၂၀၀ ခန့် အခင်းဖြစ်ပွားသောနေရာသို့ ချက်ချင်းသွားရောက် ခဲ့ကြောင်း၊ ည ၈ နာရီခန့်တွင် မီးလောင်သောအခြေအနေကို ထိန်းထားနိုင်ခဲ့ကြောင်း ၊ မီးငြိမ်းသတ်ရာတွင် မီးသတ်သမား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တာဝါအတွင်း ပျက်စီးဆုံးရှုံးမှုများကို အတိအကျ မသိရသေး ကြောင်းနှင့် သက်ဆိုင်ရာဌာနများက စုံးစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း နယူးယောက် အရန် မီးသတ်ဦးစီးဌာန ဦးစီးချုပ် Daniel Nigro က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရန့်က ၎င်း၏ဆိုရှယ်မီဒီယာတွင် မီးငြိမ်းသတ်ပြီးဖြစ်ကြောင်းနှင့် မီးသတ်သမားများကို ချီးကျူးပြောဆိုခဲ့ပါသည်။၅၈ ထပ်မြင့် ၎င်းတာဝါမှာ ထရန့်ကုမ္ပဏီ၏ရုံးချုပ်ဖြစ်ပြီး ၎င်း၏၂၀၁၆ ခုနှစ် သမ္မတမဲဆွယ်စည်းရုံးသည့် ဌာနချုပ်လည်းဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းက ထရန့်တာဝါ၏ခေါင်မိုးလေအေးပေးစက်ပစ္စည်း ကိရိယာများ မီးလောင်ဖူးကာ မီးသတ်သမား ၁ ဦးအပါအဝင် လူ ၃ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု သိရသည်။ (Xinhua)