Connect with us

North America

အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း အမေရိကန်ဘက်က အသေအပျောက်မရှိ၊ ပိတ်ဆို့မှုများ ထပ်လာမည်ဟု သမ္မတထရမ့်ပြော 

ထရမ့်,အမေရိကန်,အီရန်

ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

ဇန်နဝါရီ ၇ ရက်က အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအား ဦးတည်ပစ်လွှတ်ခဲ့သည့် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများအတွင်း အမေရိကန်ဘက်က အထိအခိုက် အသေအပျောက် မရှိကြောင်း နှင့် အမေရိကန်အနေဖြင့် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

“ မနေ့ညက အီရန်ရဲ့တိုက်ခိုက်မှုကြောင့် ဘယ်အမေရိကန်တစ်ဦးတစ်ယောက်မျှ ထိခိုက်တာမျိုး မရှိပါဘူး ၊ အသေအပျောက်လည်း မရှိပါဘူး” ဟု သမ္မတအိမ်ဖြူတော်၌ နိုင်ငံသို့ ရုပ်မြင်သံကြား မိန့်ခွန်းပြောကြားစဉ် အမေရိကန်သမ္မတက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။“ အီရန်က လက်ရှောင်လိုက်တဲ့သဘောပါ ၊ အဲဒါဟာ သက်ဆိုင်သူ အားလုံးအတွက် ကောင်းမွန်တဲ့အရာတစ်ခုပါပဲ” ဟူ၍လည်း ထရမ့်က မှတ်ချက်ပြုပြောကြားခဲ့သည်။

“ အမေရိကန်က အီရန်အစိုးရအပေါ် ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်ပြီး တိုးမြှင့်လုပ်ဆောင်သွားမှာပါ ။ ဒီလိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အီရန်က သူ့အမူအကျင့်တွေ ပြောင်းလဲသွားမယ့်အချိန်ထိ ဆက်ရှိနေမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမန်နီ လုပ်ကြံသတ်ဖြတ်ခံရခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များအား ဦးတည်၍ အီရန်နိုင်ငံက ဇန်နဝါရီ ၇ ရက်တွင် ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။(Xinhua)