Connect with us

North America

ဘရာဇီး နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂.၆ သန်းကျော် အထိ ရောက်ရှိလာခဲ့ပြီး သမ္မတ ၏ ဇနီး ပါ ရောဂါ ကူးစက်ခံရ

ဘရာဇီး နိုင်ငံ ရှိ စာသင်ကျောင်း တစ်ခု တွင် ပိုးသတ်ဆေးများ ဖျန်းနေသည် ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီးယား ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က နိုင်ငံ အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၂.၆ သန်းကျော် အထိ ရောက်ရှိလာခဲ့ကြောင်း ဇူလိုင် ၃၀ ရက် ၌ ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းနေ့ တွင် ဘရာဇီး နိုင်ငံ သမ္မတရုံး အနေဖြင့်လည်း သမ္မတ ဇနီး က COVID-19 ရောဂါ ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဘရာဇီး နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ဘရာဇီး နိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၅၇,၈၃၇ ဦး တိုးမြင့်ခဲ့ပြီး စုစုပေါင်း ၂,၆၁၀,၁၀၂ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ ရောဂါကြောင့် ထပ်မံ သေဆုံးသူ ၁,၁၂၉ ဦး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၉၁,၂၆၃ ဦး အထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံ သမ္မတရုံး လူမှုရေး ပြန်ကြားမှုဆိုင်ရာ အတွင်းရေးမှူး က ထုတ်ပြန်ကြေညာချက် တွင် ဘရာဇီး နိုင်ငံ သမ္မတ ဇနီး အနေဖြင့် ဇူလိုင် ၃၀ ရက် ၌ COVID-19 ရောဂါ စစ်ဆေးရာ တွင် ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိချိန်တွင် ၎င်းအနေဖြင့် အခြေအနေကောင်းမွန်ကာ သမ္မတရုံး ဆေးဘက်ဆိုင်ရာ အဖွဲ့ အနေဖြင့် အနီးကပ် စောင့်ကြည့်ပေးနေကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဘရာဇီး နိုင်ငံ သမ္မတ သည်လည်း ယခုလ ၇ ရက် တွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ၂၅ ရက် ၌ ရောဂါ ပျောက်ကင်းသွားကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ထို့ပြင် ဇူလိုင် ၃၀ ရက် ၌ ဘရာဇီး နိုင်ငံ နည်းပညာ တီထွင်ဆန်းသစ်မှု နှင့် ဆက်သွယ်ရေး ဝန်ကြီး တွင်လည်း  COVID-19 ရောဂါ ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဘရာဇီး နိုင်ငံ တွင် ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် ဝန်ကြီးများ နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများစွာ ရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရှိရသည်။  (Xinhua)