Connect with us

MYANMAR

ရခိုင်ပြည်နယ်မှ နေပြည်တော် ၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိသူများ စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထားပြီး သတင်းပို့ကြရန် အသိပေး

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) 

ရခိုင်ပြည်နယ်မှ နေပြည်တော်၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိသူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသည့်ဌာန၊ အဖွဲ့အစည်းများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထားပြီး ကိုယ်တိုင် မပျက်မကွက် သတင်းပို့ကြရန် COVID-19 ကာကွယ် ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ယနေ့တွင် ပြည်သူသို့ အသိပေးပန်ကြားချက် ထုတ်ပြန်ခဲ့သည်။ 

ကာယကံရှင်များကိုယ်တိုင် သော်လည်းကောင်း၊ ကာယကံရှင်မည်သူ ဖြစ်သည်ကို သိလျက်နှင့် ဖုံးကွယ်ထားသူများအနေဖြင့်သော်လည်းကောင်း ယင်းနေ့နောက်ဆုံးထားပြီး သတင်းပို့ရန် ပျက်ကွက်ကြောင်း တွေ့ရှိလျှင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးခဲ့သည်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်း ဒေသကြီးသို့ လေယာဉ်ဖြင့် ခရီးသွားရောက်ခဲ့သူ ၅,၄၀၉ ဦးရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မှုရရှိခဲ့သူ ၂,၆၂၂ ဦးအနက် ၁၅၇၄ ဦးသာ သက်ဆိုင်ရာတာဝန်ရှိ သည့်ဌာန၊ အဖွဲ့အစည်းများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ခဲ့ပြီး ကျန်ရှိသူများမှာ ဆက်သွယ်မရခြင်းနှင့် သတင်းပေးပို့ခြင်းများ မရှိကြောင်း သိရှိရကြောင်း ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။ 

ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော COVID-19  ရောဂါ အတည်ပြု လူနာမှ ဆင့်ပွားကူးစက်သူအချို့သည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောက်ရှိနေကြောင်း စိစစ်တွေ့ရှိမှုအရ ဩဂုတ် ၁၀ ရက်မှစတင်ပြီး ရခိုင်ပြည်နယ်မှ နေပြည်တော်၊ အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများ၊ နေပြည်တော်၊ အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ရခိုင်ပြည်နယ်သို့သွားရောက်ခဲ့ပြီး မိမိနေရပ်သို့ ပြန်လည်ရောက်ရှိသူများသည် သက်ဆိုင်ရာတာဝန်ရှိသည့်ဌာန၊ အဖွဲ့အစည်းများနှင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်းပို့ကြရန် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဩဂုတ် ၂၆ ရက်စွဲဖြင့် ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)