Connect with us

MYANMAR

လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေး နိုင်ငံတော်က ကျပ်ဘီလီယံ ၁၀၀ ချေးမည်

အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၂၅ ရက်(ဆင်ဟွာ)

COVID – 19 ဂယက်ကြောင့် အခက်ကြုံနေရသော လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေးနှင့် အလုပ်သမားများအား လစာများ ဆက်ပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များအား နိုင်ငံတော်က ကျပ် ဘီလီယံ ၁၀၀ ချေးငွေထုတ်ပေးသွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ညနေပိုင်းတွင် ပြောကြားခဲ့သည်။

မတ် ၂၅ ရက်က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် COVID 19 ရိုက်ခတ်မှုကြောင့် အလုပ်ရှင်၊ အလုပ်သမားများ ရင်ဆိုင်နေကြရသော အခက်အခဲ၊ အကျပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖော်ထုတ်ရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးသည့် အစည်းအဝေးအပြီးတွင် မီဒီယာများအား ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်အနေနဲ့ ဒီအလုပ်သမားတွေအတွက် ဦးစားပေးပြီးတော့မှ လူမှုဖူလုံရေးရန်ပုံငွေက ငါးဆယ် ဘီလီယံ၊ နိုင်ငံတော်ရဲ့ ရန်ပုံငွေက ၅၀ ဘီလီယံ – စုစုပေါင်း ဘီလီယံတစ်ရာနဲ့ CMP လုပ်ငန်းတွေ၊ ဟိုတယ်လ်နဲ့ ခရီးသွားလုပ်ငန်းတွေ၊ SME လုပ်ငန်းတွေမှာရှိတဲ့ လုပ်ငန်းရှင်တွေကို ငွေချေးပေးဖို့ စီစဉ်ထားပါတယ်၊ ချေးပေးတဲ့နေရာမှာလည်း အတိုးက ၁ ရာခိုင်နှုန်းနဲ့ တစ်နှစ် ချေးပေးမှာ ဖြစ်ပါတယ်။ ချေးပေးရတဲ့ ရည်ရွယ်ချက်က အဲ့ဒီ ချေးငွေတွေကို အလုပ်သမားတွေကို လုပ်ခလစာတွေ ဆက်ပေးနိုင်အောင်လို့ အလုပ်သမားတွေကို အလုပ်ဖြုတ်ရတာတွေ လျော့ရတာတွေဖြစ်မှာစိုးလို့ ဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

ချေးငွေထုတ်ပေးသည့်လုပ်ငန်းကို ကော်မတီဖွဲ့စည်းကာ စနစ်တကျဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော် အကြီးအကဲများကိုယ်တိုင်ကလည်း နိုင်ငံတော်အတွင်း အလုပ်ရှင်၊ အလုပ်သမားတို့ ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းများတိုးတက်စေလိုကြောင်း၊ ထို့ပြင် COVID -19 ရောဂါ မပြန့်ပွားရန်နှင့် ပညာပေးလုပ်ငန်းများကို ကျယ် ပြန့်စွာ ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် COVID-19 နှင့် ပတ်သက်သည့် ပညာပေးလုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

 “နိုင်ငံတော်အနေနဲ့ စက်ရုံ အလုပ်ရုံတွေကို တက်နိုင်သမျှမပိတ် သွားအောင်၊ မပိတ်ဖို့ ဆောင်ရွက်နေပါတယ်။ ဥရောပက ဝယ်လက်တွေ လျော့နည်းသွားရင်လည်း အခြားသော ဈေးကွက်အသစ်တွေ ရှာနိုင်အောင်၊ ပြည်တွင်းမှာ ရောင်းနိုင်အောင်လို့ ဒါကိုလည်း နိုင်ငံတော် အနေနဲ့ စဉ်းစားနေပါတယ်။ ပြီးရင် လုပ်ငန်းရှင်တွေအနေနဲ့လည်း သူများနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ပိုမိုပြီး လုပ်ငန်းတွေကို ပိုလုပ်ဆောင်နိုင်ဖို့ နိုင်ငံတော်အနေနဲ့ ဖြေလျှော့နိုင်တဲ့ကိစ္စ ဖြေလျှော့ပေးနိုင်ဖို့ စဉ်းစား ဆောင်ရွက်နေပါတယ်”ဟုလည်း ပြောခဲ့သည်။

ယနေ့ ပြုလုပ်သည့် အစည်းအဝေး၌ နိုင်ငံတော်အတွင်း COVID- 19 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ယခုလိုကာလအတွင်း အလုပ်သမားများဘက်က ဆန္ဒမပြကြရန် သဘောတူညီမှုရရှိခဲ့ပြီး အလုပ်ရှင်များဘက်ကလည်း ယင်း သဘောတူညီချက်ကို ကြိုဆိုသည့် သဘောတူချက်များရရှိခဲ့ကြောင်း၊ သို့ရာတွင် အလုပ်သမားနှင့် အလုပ်ရှင်တို့ ညှိနှိုင်းရမည့် ပြဿနာများကိုမူ မြန်မြန်ထက်ထက်ဖြင့် အားလုံးညှိနှိုင်းရမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။  (Xinhua)