Connect with us

MYANMAR

COVID-19 ကြောင့် စီးပွားရေးထိခိုက်သော လုပ်ငန်းများအား ကျပ် ၃၂ ဘီလီယံခန့်ထုတ်ချေးထား

အစိုးရ၏ စတုတ္ထ တစ်နှစ်တာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန်၂၄ ရက်(ဆင်ဟွာ)

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ၏ လမ်းညွှန်ချက်အရ ထိခိုက်မှု အများဆုံး ခံစားခဲ့ရသော လုပ်ငန်းများသို့ကျပ် ၃၂ ဘီလီယံခန့်ထုတ်ချေးထားပြီး ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ သက်တမ်း တစ်နှစ် ချေးငွေတွေကို COVID-19 ကြောင့် ထိခိုက်မှု အများဆုံး ခံစားခဲ့ရတဲ့CMP ၊ဟိုတယ်ခရီးနှင့် SME များသို့ ငွေထုတ်ချေးလျက်ရှိရာမှာ ၂၀၂၀ ဇွန်လ ၁၈ ရက်နေ့အထိ လုပ်ငန်း ၈၃၂ ခုအတွက် ကျပ် ၃၁ ဒသမ ၈၁၇ ဘီလီယံ ထုတ်ချေးထားပြီး ဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင်ထိခိုက်မှုများအတွက် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တောင်သူလယ်သမားများသို့ အထူးချေးငွေ (COVID-19 Special Relief Loan) ထုတ်ချေးခဲ့ရာ တစ်ဧကလျှင် ကျပ် ငါးသောင်း ထပ်ဆောင်းပြီး ချေးပေးမည် ဖြစ်ကြောင်း၊ ယခင်က စပါး တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲ၊ အခြား သီးနှံများအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်း ထုတ်ချေးငွေကို ယခု ကျပ် ငါးသောင်းစီ တိုးမြင့် ထုတ်ချေးမည်ဖြစ်ကြောင်းနှင့် ၂၀၂၀ပြည့်နှစ် မိုးရာသီ စိုက်ပျိုး စရိတ် ထုတ်ပေးချိန်တွင် တစ်ပါတည်း ပံ့ပိုး ထုတ်ချေးသွားမည် ဖြစ်ကြောင်း၊ ၂၀၂၀ ဇွန်လမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးမည် ဖြစ်ပြီး အတိုးနှုန်းမှာ လက်ရှိ စိုက်ပျိုး စရိတ် ချေးငွေ အတိုးနှုန်းအတိုင်း တစ်နှစ်လျှင် ငါး ရာခိုင်နှုန်း ဖြစ်ကြောင်းနှင့် စိုက်ပျိုးမြေ ဧက ၁၂ သန်းအတွက် ချေးငွေ ပမာဏ ကျပ် ၆၀၀ ဘီလီယံ ထုတ်ချေးသွားမည် ဖြစ်ကြောင်း၊ မြန်မာ့ အာမခံ လုပ်ငန်း အနေဖြင့် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းပြီး တောင်သူ လယ်သမားများ၏ အကျိုးစီးပွားများအတွက် ရာသီဥတု ညွှန်ကိန်း အခြေပြု သီးနှံ အားမခံ လုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့တို့တွင် ရှေ့ပြေး စီမံကိန်း(Pilot Project) ကို ပရောဂျက် ကာလ တစ်နှစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း  ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ထို့အပြင် ပြည်ထောင်စု အရေးပေါ် ရန်ပုံငွေအား ယခင်က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တွင်သာ လျာထားခဲ့ရာမှ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်မှ စတင်၍ ဗဟို အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့အားလုံးတွင် ခွဲဝေလျာထားရန် ပြင်ဆင် ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်ထောင်စုတွင် ကျပ် ဘီလီယံ ငါးဆယ်၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရ အဖွဲ့များတွင် ၁၄ ဘီလီယံ၊ ဝန်ကြီးဌာန အသီးသီးတွင် ၃၆ ဘီလီယံ လျာထားခဲ့ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)