Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ ၂၂ ဦးမြောက် လူနာ စစ်ဆေးတွေ့ရှိ

ရန်ကုန်မြို့၌ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးအား ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် စတင်ကြေညာခဲ့သည့် မတ် ၂၃ ရက်မှ ဧပြီ ၆ ရက် အထိ စုစုပေါင်း လူနာ အရေအတွက် ၂၂ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-022) သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် တွင် နေထိုင်သည့် အသက် (၅၁)နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓာတ်ခွဲ အတည်ပြုလူနာ (Case-021)နှင့် အတူ မတ် ၂၄ ရက်တွင် အမေရိကန်နိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ လေကြောင်းလိုင်းဖြင့်ထွက်ခွာခဲ့ကာ ကိုရီးယား သမ္မတနိုင်ငံ မှတစ်ဆင့် ထိုင်းနိုင်ငံသို့ မတ် ၂၅ ရက် ညနေပိုင်းတွင် ရောက်ရှိခဲ့ကြောင်း ၊ ထိုင်းနိုင်ငံမှ တစ်ဆင့် မတ် ၂၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဗိုလ် တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ထားရှိစဉ် ဓာတ်ခွဲအတည်ပြုလူနာ (Case-021)နှင့် အတူ တစ်ခန်းထဲတွင် နေထိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်း၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း နှင့် လူနာ၏ လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၁)ဦးအနက် စုစုပေါင်း (၁၉)ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း ၊ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးနှင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှ လူနာ(၁)ဦးတို့ အား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှု ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ 

ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက် ပေးနိုင်ကြရန် ဝန်ကြီးဌာနက နှိုးဆော်ထားသည်။ (Xinhua)